‎ဧရာဝတီတိုင်းမ်
‎မေ ၁၇ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဂွ – ငသိုင်းချောင်းလမ်းပေါ်ရှိ အမှတ် (၃၄၄) မြောက်စမ်း အမြောက် တပ်ရင်း ပိတ်ဆို့တိုက်ခိုက်ခံရပြီး စစ်ရေးအရ ရှုံးနိမ့်နေသည့် အခြေအနေကြောင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် စစ်တိုင်းမှူးတို့ ပူးပေါင်းကာ ရုံးခန်းအတွင်း ယတြာအစီအရင်များ ပြုလုပ်နေကြောင်း သိရသည်။

 

ရွေးတုအစိုးရ၏ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးအေးကျော်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) စစ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်တို့သည် ယမန်နေ့ မေ ၁၆ ရက် နံနက်ပိုင်းက တိုင်းအစိုး ရအဖွဲ့ရုံးရှိ ဝန်ကြီးချုပ်ရုံးခန်းအတွင်း၌ အုန်းပွဲ၊ ငှက်ပျောပွဲများနှင့် ထီး၊ တံခွန်၊ ကုက္ကား၊ ပန်းပေါင်းစုံ ၉ မျိုးစီဖြင့် အစီအရင်လုပ်ကာ ယတြာချေခဲ့ကြကြောင်း အထူးသတင်းတပ်ဖွဲ့ (ပုသိမ်) ၏ အတည်ပြု ချက်အရ သိရသည်။

AA နှင့် ဧရာဝတီဒေသကာကွယ်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အမတ-၃၄၄ ၏ ကာကင်းများ ဆုံးရှုံးနေရပြီး အရာရှိမိသားစုဝင်များကို အရေးပေါ်ရွှေ့ပြောင်းပေးနေရသည့် စစ်ရေး အခြေအနေကို ဒုတိုင်းမှူးက စစ်တိုင်းမှူးထံ လာရောက်သတင်းပို့ပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ပြုတ်တွေကတော့ ယတြာချေဖို့ဆို တအားကို အားသန်တာ။ ဝန်ကြီးဟောင်း ဦးတင်မောင်ဝင်း လက်ထက်တုန်းကလည်း အမြောက်တပ် အခြေအနေဆိုးပြီဆိုရင် နဂါးစာကျွေး ယတြာချေတာပဲ။ အခုလည်း ရုံးခန်းထဲမှာ ယတြာချေနေကြတယ်လို့ ကြားရတယ်” ဟု ပုသိမ်ဒေ သခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အာဏာသိမ်း စစ်အုပ်စုသည် ဗေဒင်၊ အဆောင်လက်ဖွဲ့နှင့် ယတြာများကို အထူးတလည် ယုံကြည် ကိုးကွယ်လေ့ရှိကြပြီး ပြီးခဲ့သည့် ရှမ်းမြောက်တိုက်ပွဲများအတွင်းကလည်း မျောက်သုံးကောင်ပုံ ဇောက်ထိုးချိတ်သည့် ယတြာများ ပြုလုပ်ခဲ့ဖူးသည်။

 

အာဏာသိမ်း ‎စစ်ခေါင်းဆောင် ရွေးတုသမ္မတ ကိုယ်တိုင် ယတြာအချေကောင်းသဖြင့် ဖနောင့် သံစူးခဲ့ဖူးပြီး မျောက်အရှင် သုံးကောင်ကို ကြိုးနှင့်တုပ် ဇောက်ထိုးဆွဲကာ ရိုက်‌မောင်းထုတ်သည့် ယတြာများ၊ ဇကောထဲ ဇီးဖြူသီးထည့်လှိမ့်သည့်ယတြာများ၊ ဘုရားရင်ပြင်ပေါ် ခွေးနှင့် ဝက်များ လွှတ်ပြီး မောင်းထုတ်သည့် ယတြာများကိုလည်း ယုံယုံကြည်ကြည်ပြုလုပ်ခဲ့သည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)