ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ တရုတ်နိုင်ငံအပြန် ထိုင်ဝမ်ကို တရားဝင် လွတ်လပ်ရေး မကြေညာဖို့ သတိပေးခဲ့တာနဲ့ ပတ်သက်ပြီး စနေနေ့မှာ ထိုင်ဝမ်က တုံ့ပြန်ခဲ့ပါတယ်။
ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာလရှည်ကြာ ထောက်ပံ့ပေးခဲ့တာကို ကျေးဇူးတင်တယ်လို့ ထိုင်ဝမ်က ဆိုပေမဲ့ ထိုင်ဝမ်ဟာ အချုပ် အခြာအာဏာပိုင်တဲ့ လွတ်လပ်တဲ့နိုင်ငံ ဖြစ်တယ်လို့ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။
ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာပိုင်ပြီး လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်သလို တရုတ်နိုင်ငံရဲ့ လက်အောက်ခံ မဟုတ်ဘူးလို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

အမေရိကန် လက်နက်ရောင်းချမှုကိစ္စကို ပြန်စဉ်းစားနေတယ်လို့ ဒေါ်နယ်ထရမ့်က အရိပ်အမြွက် ပြောဆိုခဲ့ပြီးနောက် အမေရိကန်က လက်နက်ရောင်းချပေးတာဟာ ထိုင်ဝမ်အပေါ်ထားရှိတဲ့ လုံခြုံရေး ဆိုင်ရာ ကတိကဝတ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဝန်ကြီးဌာနက အခိုင်အမာ ပြောပါတယ်။
ထိုင်ဝမ်-အမေရိကန် လက်နက်ရောင်းချမှုနဲ့ ပတ်သက်လို့ ပြောရရင် ဒါဟာ ထိုင်ဝမ်ဆက်ဆံရေး ဥပဒေမှာ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားတဲ့ ထိုင်ဝမ်အပေါ်ထားတဲ့ အမေရိကန်ရဲ့ လုံခြုံရေးကတိကဝတ် ဖြစ်ရုံတင်မက ဒေသတွင်း ခြိမ်းခြောက်မှုတွေကို ဟန့်တားတဲ့ ပုံစံတစ်ခုလည်း ဖြစ်ပါတယ် လို့ ထုတ်ပြန် ချက်က ဆိုပါတယ်။
ထိုင်ဝမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချန်မင်းချီက အမေရိကန်ရဲ့ လက်နက်ရောင်းချမှုဟာ ထိုင် ဝမ်ဆက်ဆံရေးဥပဒေအရ အတည်ပြုထားတာဖြစ်တယ်လို့ ပြောပါတယ်။ ထိုင်ဝမ်-အမေရိကန် လက်နက်ရောင်းချမှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အမြဲတမ်း အုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ် လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အမေရိကန်အစိုးရဟာ ထိုင်ဝမ်အတွက် စံချိန်တင် ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်ရောင်းချမှု အစီအစဉ်ကို အတည်ပြုခဲ့ပါတယ်။
ဒုတိယအကြိမ်အဖြစ် ဒေါ်လာ ၁၄ ဘီလီယံခန့် တန်ဖိုးရှိတဲ့ လက်နက်ရောင်းချမှု အစီအစဉ်တစ်ခု လည်း ရှိနေပြီး ဒေါ်နယ်ထရမ့်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရပါတယ်။
ကိုးကား – AFP
Ref; Taiwan says it is a sovereign nation with US security commitment after Trumps warning.