ဧရာ၀တီတိုင်းမ်
မေ ၁၆ ရက်

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မေ ၁၆ ရက်တွင် စတင် ဝင်ရောက်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) နှင့် မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်တို့၏ ဖော်ပြချက်များအရ သိရသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း ဆက်လက်တည် ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကာ ကမ်းရိုး တန်းနှင့် တောင်တန်းဒေသအချို့တွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်။

လာမည့် မေလ ၁၇ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည့်အပြင် ဒေသအချို့၌ နေရာ ကွက်၍ မိုးကြီးနိုင်သည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ က ခန့်မှန်းထားသည်။

မြို့ကြီးများ၏ မိုးလေဝသအခြေအနေအနေဖြင့် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာရန် ရာနှုန်းပြည့်ရှိနေပြီး နေပြည်တော်နှင့် မန္တလေးမြို့တို့တွင်မူ နေရာကွက်ကျား မိုးထစ်ချုန်း ရွာရန် ရာခိုင်နှုန်း ၈၀ မှ ၁၀၀ အထိ ရှိနေသည်။

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းအောက်ပိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ် တောင်များ ဖြစ်ထွန်းနေသဖြင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ကြုံတွေ့ရနိုင်သည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ကာ၊ လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ ရှိနိုင်သည်။ လှိုင်းအမြင့်မှာ ၇ ပေမှ ၉ ပေခန့်အထိ ရှိနိုင်သဖြင့် ရေကြောင်းခရီးသွားများ သတိပြုရန် လိုအပ်ကြောင်း အသိပေးထားသည်။

မုတ်သုံဦးကာလအတွင်း ဖြစ်ပေါ်လေ့ရှိသော ရုတ်တရက် မိုးကြီးခြင်း၊ လျှပ်တစ်ပြက်ရေကြီး ခြင်းများနှင့်အတူ တောင်တန်းဒေသများတွင် မြေပြိုမှုအန္တရာယ်များကို အထူးကြိုတင်သတိပြုကြပါရန် မိုးလေဝသပညာရှင်များက တိုက်တွန်းထားသည်။

ဓာတ်ပုံ-မိုး/ဇလ