ဧရာဝတီတိုင်းမ်
ကျိုက်လတ်၊ မေ ၁၆ ရက်
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်ရှိ ကျေးရွာများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းရန် ဖောင်ဖြည့်ပြီး စစ်ထဲထည့်မည်ဟု ခြိမ်းခြောက်ကာ ငွေကြေးများကို လစဉ်အဓမ္မ ကောက်ခံနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ကျိုက်လတ်မြို့၊ သရက်ငူအောက်စုရွာမှ အုပ်ချုပ်ရေးမှူး အုန်းကျော်မြင့် (ခ) ကျော်ကြီး ဆိုသူသည် ကွန်ပလိုင်း၊ သရက်ငူ၊ သရက်တော၊ မဲဇလီဒေါင့် နှင့် လက်ပံကုန်း အစရှိသည့် ကျေးရွာများတွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို စေခိုင်းကာ ဒေသခံများထံမှ ငွေကြေးများကို ကြွေးတောင်းသကဲ့သို့ လိုက်လံကောက်ခံနေခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ယခင်လတွေက တစ်ယောက်ကို သုံးသောင်းနှုန်းနဲ့ လတိုင်းနီးပါး ကောက်ခံခဲ့တာပါ။ အခု ဒီလမှာတော့ ရှစ် သောင်းအထိ တိုးကောက်လာပါတယ်။ ငွေမထည့်နိုင်ဘူးလို့ ပြောရင် ဖောင်ဖြည့်ပြီး စစ်ထဲထည့်မယ်၊ မဲနှိုက်ရမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ သူတို့ဆီမှာ အိမ်ထောင်စုစာရင်းတွေ အကုန်ရှိနေတော့ ပြည်သူတွေက ကြောက်နေရတာ။ အခုချိန်က ကုန်ဈေးနှုန်းတွေကြီးလို့ မငတ်ရုံတမယ် ရှာဖွေစားသောက်နေရတဲ့ အချိန်ပါ။ နည်းနည်းမှ ကိုယ်ချင်းမစာကြဘူး” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူး အုန်းကျော်မြင့် (ခ) ကျော်ကြီးသည် ယခင်က ယခုကဲ့သို့ ငွေကြေးများ မတရားကောက်ခံမှုကြောင့် ခြိမ်းခြောက်ခံရသည့် စာထုတ်ခံရဖူးကြောင်း ၎င်းနှင့်နီးစပ်သူထံမှ သိရသည်။
“သူတို့ဘက်က အုပ်ကြီးအချို့ဆိုရင် အစည်းအဝေးတစ်ခါတက်ရင် လက်စွပ်တစ်ကွင်း ဝတ်နိုင်တယ်လို့တောင် ပြောဆိုတာတွေ ရှိပါတယ်။ ပြည်သူတွေ မရှိမဲ့ရှိမဲ့ ရှာဖွေထားရတာတွေကို အတင်းအဓမ္မ ကောက်ခံပြီး သူတို့ကတော့ စားသောက် နေကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စုများတွင်လည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းခေါင်းစဉ်အမျိုးမျိုးပြကာ ဒေသခံ ပြည်သူများထံမှ ငွေကြေးများကို အဓမ္မကောက်ခံလျက်ရှိကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ