ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်

 

ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကြာ ပြောင်းလဲခြင်းမရှိသည့် အစိုးရထီဆုကြေးငွေများကို ပထမဆုလျှင် ဘတ် ၁၀ သန်းအထိလည်းကောင်း၊ အောက်နှစ်လုံးဆုကို ဘတ် ၅,၀၀၀ အထိလည်းကောင်း တိုးမြှင့် ပေးရန် ထိုင်းလွှတ်တော် စားသုံးသူကာကွယ်ရေးကော်မတီက အဆိုပြုလိုက်ကြောင်း ထိုင်းသတင်း များတွင် ဖော်ပြထားသည်။

 

ယမန်နေ့ မေ ၁၅ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးအပြီးတွင် ရူအမ်ဂျိုင်ထိုင်းပါတီ (Ruamjai Thai Party) မှ လွှတ်တော်အမတ်နှင့် စားသုံးသူကာကွယ်ရေးကော်မတီ၏ လေးဦးမြောက် ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဘွန်ရုဝီ ယွမ်ဂျင်ဒါ က အစိုးရထီဆုကြေးများ တိုးမြှင့်ရေးအဆိုပြုချက်ကို လာမည့် မေ ၂၁ ရက်တွင် ပြုလုပ်မည့် ကော်မတီအစည်းအဝေး၌ တင်ပြသွားမည်ဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

အဆိုပါ အဆိုပြုချက်တွင် လက်ရှိ ဘတ် ၆ သန်း ရရှိသည့် ပထမဆုကို ဘတ် ၁၀ သန်းအထိ လည်းကောင်း၊ ဘတ် ၄,၀၀၀ ရရှိသည့် အပေါ်/အောက် သုံးလုံးဆုကို ဘတ် ၁၀,၀၀၀ အထိ လည်း ကောင်း၊ ဘတ် ၂,၀၀၀ ရရှိသည့် အောက်နှစ်လုံးဆုကို ဘတ် ၅,၀၀၀ အထိ လည်းကောင်း တိုးမြှင့်ရန် ပါဝင်ကြောင်း သိရသည်။

 

“ထိုင်းအစိုးရ ထီဆုကြေးငွေတွေ မတိုးတာ ၁၀ နှစ်ကျော်ပါပြီ။ တစ်ဖက်မှာလည်း ထီရုံးက နှစ်စဉ် အကျိုးအမြတ် ဘတ်ဘီလီယံပေါင်းများစွာ ရနေတာမို့ စားသုံးသူ ပြည်သူတွေအတွက် တရားမျှတမှုရှိ အောင် ဆုကြေးငွေတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်” ဟု မစ္စတာ ဘွန်ရုဝီက ထောက်ပြသည်။

 

လက်ရှိတွင် အဆိုပါ ဆုကြေးငွေတိုးမြှင့်ရေး ကိစ္စရပ်မှာ လွှတ်တော်ကော်မတီ၏ ကနဦး အဆိုပြုချက် အဆင့်သာ ရှိသေးပြီး မေ ၂၁ ရက်တွင် ပြုလုပ်မည့် အစည်းအဝေး၌ ထီရုံးတာဝန် ရှိသူများနှင့် ဆွေးနွေးကာ အကောင်အထည်ဖော်နိုင်မည့် အခြေအနေများကို ဆက်လက် စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား-Thairath
Ref; Consumer Protection Committee Proposes Increasing Lottery Prizes