ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် အခြေချနေသည့် ရွေးတုအစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင်များသည် ရိက္ခာပြတ်လပ်မှုကြောင့် ဆေးရုံသုံးအရက်ပြန်ကို ဆားခတ်ကာ အရက်အဖြစ် ပြုလုပ်သောက်သုံးရာမှ ပိုးသတ်ဆေးများနှင့် မှားယွင်းရောစပ်မိသဖြင့် ခုနစ် ဦး အဆိပ်မိသေဆုံးကြောင်း သိရသည်။
ကောလင်းမြို့တွင်းသို့ စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်သား ၃၀ ခန့်သည် ပြီးခဲ့သည့် မေ ၁၃ ရက် ညနေပိုင်းက အရက်ပြန်အတွင်း ဆားခတ်၍ သောက်သုံးခဲ့ကြရာမှ ပိုးသတ်ဆေးများကိုပါ မှားယွင်းရောစပ်မိသဖြင့် ပြင်းထန်စွာ အဆိပ်သင့်ကာ ခုနစ် ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

“၇ ဦး နေရာမှာတင် ပွဲချင်းပြီးသေတာ အတည်ပြုနိုင်တယ်” ဟု ကောလင်းရှိ စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျန် အဆိပ်သင့် စစ်သားများကိုမူ ဝန်းသိုဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသနေရပြီး အခြေအနေမှာ စိုးရိမ်ရသည့်အတွက် သေဆုံးသူ ထပ်တိုးလာနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ရွေးတုစစ်တပ်သည် ကောလင်းနှင့် ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာများကို တပ်စွဲနေရာယူထားပြီး တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်သည့် နယ်မြေများကို စစ်ကြောင်းထိုးခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ယမန်နေ့ မေ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်ကလည်း ဝန်းသိုမြို့ပေါ်ရှိ ခမရ-၁၁၁ နှင့် ခမရ ၁၂၀ တပ်ရင်းများမှနေ၍ ဂျိုးတောင်ကျေးရွာသို့ ကာမီကာဇေ အသေခံဒရုန်း နှစ်စင်း ဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုံစာ-စစ်သုံ့ပန်းများ ဖမ်းမိစဉ်က ပုံဟောင်း ဖြစ်ပါသည်။