ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
ဟေတီနိုင်ငံမြို့တော် ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဂိုဏ်းအချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူ ၇၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ယင်းအထဲတွင် လမ်းသွားလမ်းလာ ၁၀ ဦး ပါဝင်ကြောင်း ဟေတီနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရုံး (BINUH) က ပြောပါတယ်။
“ဂိုဏ်းအများအပြားကြား ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် မေလ ၉ ရက်နေ့က စပြီး အနည်းဆုံး လူ ၇၈ ဦး သေဆုံးကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်” လို့ BINUH က ပြောပါတယ်။ သေ ဆုံးသူများထဲတွင် အရပ်သား ၁၀ ဦး ပါဝင်ကြောင်း BINUH က ဆိုပါတယ်။
ကာရစ်ဘီယံဒေသရဲ့ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ ဟေတီနိုင်ငံဟာ ဂိုဏ်းဂဏအကြမ်းဖက်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရပြီး လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အခြေအနေတွေက တဖြည်းဖြည်း ပိုမိုဆိုးရွားလာခဲ့ပါ တယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှစတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသခံ ၅,၃၀၀ ခန့်မှာ နေ ရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး မိသားစုအများအပြားမှာ တိုက်ပွဲများဖြစ်ပွားရာ ရပ်ကွက်တွေမှာ ပိတ်မိနေဆဲ လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြောပါတယ်။
မတ်လ ၅ ရက်မှ မေလ ၁၁ ရက်အတွင်း Cite Soleil နှင့် Croix-des-Bouquets မြို့နယ်တွေမှာ အနည်းဆုံး လူ ၃၀၅ ဦး သေဆုံးပြီး ၂၇၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း BINUH က ကြာသပတေးနေ့မှာ ပြော ပါတယ်။
သေဆုံးသူတွေအနက် ၆၃ ဦးမှာ ဒေသခံအရပ်သားတွေဖြစ်ပြီး ယင်းအထဲတွင် အမျိုးသမီး ၁၇ ဦးနဲ့ ကလေးငယ် ၁၃ ဦး ပါဝင်ကာ ကျန်ရှိသော သေဆုံးသူတွေမှာ ဂိုဏ်းဝင်တွေ ဖြစ်ပါတယ်။
လက်နက်နဲ့ ရန်ပုံငွေ မလုံလောက်မှုများ ကြုံတွေ့နေရတဲ့ ဟေတီရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့ရေး နိုင်ငံစုံမစ်ရှင်နေရာမှာ အစားထိုးဖို့ နိုင်ငံစုံတပ်ဖွဲ့သစ်ကို ဟေတီသို့ ဖြန့်ကြက်ထားပါတယ်။
လက်ရှိအချိန်အထိ ပေါ့တ်အော်ပရင့်စ်မြို့သို့ ချဒ်နိုင်ငံမှ တပ်ဖွဲ့ဝင်အင်အား ၄၀၀ သာ ရောက်ရှိ သေးတယ်လို့ သိရပါတယ်။
ကိုးကား – AFP
Ref; Haiti gang clashes kill at least 78 in Port-au-Prince suburbs, UN says