ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဂွ-ငသိုင်းချောင်းလမ်းပေါ်ရှိ ရွေးတုအစိုးရစစ်တပ်၏ မြောက်စမ်း အမြောက်တပ် အမတ-၃၄၄ ကို အာရက္ခတပ်တော် (AA) က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ တိုက်ခိုက်နေပြီး ကာကင်းစခန်းများကိုပါ သိမ်းယူလိုက်သဖြင့် တပ်အတွင်းရှိ အရာရှိမိသားစုများ စတင်ထွက်ပြေးနေရကြောင်း သိရသည်။
တိုက်ပွဲများမှာ ပြီးခဲ့သည့် မေ ၁၀ ရက်နေ့မှစ၍ ပြန်လည်ပြင်းထန်လာခဲ့ခြင်းဖြစ်ပြီး အမြောက်တပ်နှင့် အနီးဆုံးရှိ ကာကင်းစခန်း သုံး ခုထက်မနည်းကို AA က ထိုးစစ်ဆင်သိမ်းယူခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲပြင်းထန်နေသည့် မေ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် စစ်တပ်က လေကြောင်းပစ်ကူများ အသုံးပြုခဲ့ရသော်လည်း အမတ ၃၄၄ ၏ တစ်မိုင်အကွာရှိ ကာကင်းများကိုပါ လက်လွှတ်လိုက်ရ ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“တိုက်ပွဲက ဆက်ဖြစ်နေတယ်။ AA က အင်အားအလုံးအရင်းနဲ့ကို တိုက်နေတာ။ အားရစရာပဲ။ ကာကင်းတွေ အကုန်သိမ်းတယ်လည်း ကြားတယ်။ ကျန်တာတော့ ကျန်ဦးမှာပေါ့၊ ဘာလို့ဆို ရေနံ့သာဂိတ်ကနေ အမြောက် တပ်အနီးထိ ချထားတဲ့ ကင်းပုန်းတွေ၊ ဂိတ်တွေက မနည်းဘူး” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမြောက်တပ်အတွင်းသို့ AA တပ်ဖွဲ့များ ပိုမိုနီးကပ်လာသည့်အတွက် ရွေးတုအစိုးရစစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေပြီး လေကြောင်းပစ်ကူကို ဆက်တိုက်တောင်းခံနေရသည်။ လက်ရှိတွင် AA က အမြောက်တပ်ကို အလုံးအရင်းဖြင့် ဝိုင်းရံထားပြီးဖြစ်ကြောင်း စစ်ရေးသတင်းရင်း မြစ်များ၏ အဆိုအရ သိရသည်။
AA တပ်ဖွဲ့ဝင်များသည် ယမန်နှစ်ကလည်း ယခုအမြောက်တပ်အနီးအထိ နေရာယူနိုင်ခဲ့သဖြင့် ရွေးတုအစိုးရ စစ်တပ်က ကျုံပျော်တပ်ရင်းမှ စစ်ကူများကို အလုံးအရင်းနှင့် ဖြည့်တင်းခဲ့ရဖူးသည်။ လက်ရှိတွင် စစ်တပ်သည် ရခိုင်တောင်ပိုင်းသို့ ထိုးစစ်ဆင်ရန်ဟုဆိုကာ ကွင်းကောက်မြို့ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက-၅ တွင် အင်အား ၁,၀၀၀ ခန့်ဖြင့် စုဖွဲ့ပြင်ဆင်နေကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)