ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်

 

အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားရာ ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာဟ်မြို့သို့ သွားရောက်ဝတ်ပြုရမည့် ယခုနှစ် ၂၀၂၆ ဟဂျ်ခရီးစဉ်အတွက် မြန်မာနိုင်ငံမှ ဘုရားဖူးခရီးသည် ၃၅၀ ဦးကို ဟဂျ်ဗီဇာ အချိန်မီ ထုတ်ပေးခြင်းမရှိသဖြင့် ခရီးစဉ်တစ်ခုလုံး ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

 

ဆော်ဒီအာရေဗျနိုင်ငံဘက်မှ ဟဂျ်ဗီဇာ အချိန်မီ ချမှတ်ပေးခြင်း မရှိခြင်းကြောင့် မြန်မာနိုင်ငံအတွက် ရရှိထားသော ဟဂျ်ခွဲတမ်း ၃၅၀ ဦး စေလွှတ်ရေးအစီအစဉ်ကို ယခုနှစ်တွင် ရပ်ဆိုင်းလိုက်ကြောင်း ရွေးတုအစိုးရလက် အောက်ရှိ သာသနာရေးဝန်ကြီးဌာန၊ ၂၀၂၆ ခုနှစ် ဟဂျ်ဝတ်ပြုသွားရောက်ခြင်းဆိုင်ရာ စိစစ်ရေးအဖွဲ့က ယနေ့ မေ ၁၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ဟဂျ်ဝတ်ပြုခရီးစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံမှ ထုတ်ပေးမည့် ဗီဇာရရှိရေးနှင့် ခရီးစဉ်စီစဉ်ရေးအတွက် Win Winner နှင့် Great Desert ခရီးသွားကုမ္ပဏီနှစ်ခုက တင်ဒါအောင်မြင်ထားကြောင်း သိရသည်။ ယခုနှစ် ဟဂျ်ဝတ်ပြုခြင်းအတွက် သာသနာရေးဝန်ကြီးဌာနက လျှောက်လွှာခေါ်ယူစဉ်က လူတစ်ဦးလျှင် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄,၇၅၀ ခန့် ကျသင့်မည်ဟု ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံမှ မွတ်ဆလင်ဘာသာဝင်များသည် မက္ကာဟ်မြို့သို့ နှစ်စဉ် သွားရောက်ဝတ်ပြုလေ့ရှိသော်လည်းယခုနှစ်တွင် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြား ဗီဇာရရှိရေး အခက်အခဲများကြောင့် ဘုရားဖူးများ သွား ရောက်နိုင်ခြင်း မရှိပေ။

 

ဓာတ်ပုံ – အစ္စလာမ်ဘာသာရေးအဖွဲ့၊ နိုင်ငံတကာသတင်းဌာန