ဧရာဝတီတိုင်းမ်
မေ ၁၄ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ရေတပ်စခန်းမှ ကုန်းပေါ်သို့ စစ်ကြောင်းထိုးတက်လာသည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်း အထိနာကာ တပ်ပျက်ဆုတ်ပြေးနေရပြီး တိုက်လေယာဉ်နှစ်စင်းဖြင့် လေကြောင်း ပစ်ကူပေးကာ ဗုံးကြဲတိုက်ခိုက်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
တောင်မော်ဦး ရေတပ်စခန်းမှ ပြီးခဲ့သည့် မေ ၁၀ ရက်နေ့မှစ၍ အင်အားအလုံးအရင်းဖြင့် ထွက်လာ သည့် ရွေးတုစစ်ကြောင်းများသည် စနဲမြို့ဘက်သို့ ဦးတည်ကာ အဝတောင်ကျေးရွာကို ဖြတ်ကျော်စဉ် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

စစ်ကြောင်းဖြတ်တက်လာရာလမ်းတွင် AA ၏ စောင့်ကြိုတိုက်ခိုက်မှုကို ခံရသဖြင့် ရွေးတုစစ်တပ် ဘက်မှ အထိနာကာ သံဇစ်မြစ်ဘက်သို့ ပြန်လည်ဆုတ်ပြေးခဲ့ရကြောင်း သိရသည်။
“ကမ်းတက်လာကတည်းက စောင့်ကြိုအတိုက်ခံရတဲ့ပုံစံပေါ့။ သံဇစ်မြစ်ဘက် ပြန်ဆုတ်ပြေးတယ်။ ပြီးတော့မှ ဒရုန်းတွေနဲ့ ဗုံးကြဲပြီး ပြန်တက်လာလို့ တိုက်ပွဲဖြစ်ကြတာ။ မနေ့ကတော့ ဂျက်နဲ့ကို လာကြဲတယ်” ဟု ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မေ ၁၃ ရက် ညနေပိုင်းတွင် ရွေးတုအစိုးရစစ်တပ်က အဝတောင်ကျေးရွာအနီးတစ်ဝိုက်သို့ တိုက်လေယာဉ် နှစ်စင်းဖြင့် ဗုံးကြဲခဲ့သည့်အပြင်၊ ပင်လယ်ပြင်ရှိ နေဗီများမှလည်း ကျောက်ဆည်၊ ဒွေးချောင်း၊ မျှောချောင်း၊ စံပယ်ချောင်းနှင့် အဝတောင်ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်နေကြောင်း သိရသည်။
စစ်တပ်သည် AA ၏ လှုပ်ရှားမှုများကို အချိန်ယူလေ့လာ၍ တောင်မော်ဦးရေတပ်အတွင်း အင်အား ဖြည့်တင်းကာ စစ်ကြောင်းထွက်လာခြင်းဖြစ်သော်လည်း မြေပြင်တိုက်ပွဲတွင် အကျအဆုံးများပြား နေခြင်းကြောင့် လေကြောင်းနှင့် ရေကြောင်းပစ်ကူများကို အသည်းအသန် အသုံးပြုလာရခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။
မြေပုံ – NZY