ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့အခြေစိုက် ရွေးတုအစိုးရစစ်တပ်၏ ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း (တဆက) တွင် စစ်မှုထမ်းသင်တန်းများကို လက်ခံလေ့ကျင့်ပေးနေရကြောင်း တပ်တွင်းသတင်းရင်း မြစ်များနှင့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (MDSI) ထံမှ သိရသည်။
ရွေးတုအစိုးရသည် စစ်မှုထမ်းအပတ်စဉ်တစ်ခုချင်းစီအတွက် သင်တန်းသား လျာထားချက် ပြည့်မီရန် အပူတပြင်း ကြိုးပမ်းနေရပြီး စစ်သင်တန်းကျောင်းများလည်း လုံလောက်မှုမရှိတော့သဖြင့် ယခုကဲ့သို့ ဆေးဝန်ထမ်းတပ်ဖွဲ့ သင်တန်းကျောင်းများတွင်ပါ စစ်သင်တန်းများ တိုးချဲ့ဖွင့်လှစ်လာခြင်း ဖြစ်သည်။
“လျာထားချက် ပြည့်မီအောင် ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ လိုက်ဖွင့်နေရတာပါ။ တောင်ကြီး မှာလည်း ဖွင့်ထားပြီး ရန်ကုန်ကနေ ဖမ်းသွားတဲ့ လူငယ်တွေကိုပါ တောင်ကြီးကို ပို့နေတာမျိုးတွေ ရှိတယ်” ဟု တပ်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တဆက သင်တန်းကျောင်းသည် မူလက ဆေးလက်ထောက်၊ စစ်သူနာပြုနှင့် ဆေးတပ်ဖွဲ့ဆိုင်ရာ အထူးပြုသင်တန်းများသာ ပေးသည့်နေရာဖြစ်သော်လည်း ယခုအခါ မတရားဖမ်းဆီးခံရသည့် လူငယ်များ ကို စစ်သင်တန်းပေးသည့်နေရာအဖြစ် အသုံးချခံနေရသည်။
လက်ရှိတွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) အထိ ရှိလာပြီး လစဉ် ပျမ်းမျှလူငယ် ၄,၈၀၀ ခန့်ကို အတင်း အကျပ် စုဆောင်းနေကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မှုထမ်းသင်တန်းပေးနေသည့် ကျောင်းပေါင်း ၂၈ ခုအထိ ရှိလာ သော်လည်း မြေပြင်အခြေအနေတွင်မူ စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူများ၏ လုံခြုံရေးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။
စစ်မှုထမ်းအမှတ်စဉ် ၁ မှ လူငယ် ၃,၀၀၀ ခန့်မှာ လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်အသွယ်ပြတ် တောက် ပျောက်ဆုံးနေပြီး ဧရာဝတီတိုင်းတစ်ခုတည်းတွင်ပင် လူငယ် ၈၀၀ ကျော် ပျောက်ဆုံးနေ ကြောင်း သိရသည်။
စစ်အုပ်စုက စစ်မှုထမ်းပြီးသူများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမည်ဟု ဝါဒဖြန့် ထားသော်လည်း လက်တွေ့တွင်မူ လူငယ်များကို ရှေ့တန်းစစ်မျက်နှာပြင်များ၌ အသေခံအသုံးချ နေခြင်းသာဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်မျာါ် ထံမှ သိရသည်။
ပုံစာ-စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) သို့ တက်ရောက်ရန် အဓမ္မခေါ်ယူခြင်းခံရသူများကို တွေ့ရစဉ်၊