ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ မေ ၁၄ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရ စစ်တပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း ရှေ့တန်း စစ်ရေး သတင်းမြစ်ထံမှ သိရသည်။

တီးတိန်မြို့မှ တီးတိန်-တွန်းဇံ လမ်းပိုင်းအတိုင်း တွန်းဇံမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တို့ သည် ယမန်နေ့ မေလ ၁၃ ရက်နေ့ ဇလွီးချောင်းတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

“မနေ့က ဇလွီးချောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကော်မရှင် ဘက်က ထိခိုက်မှုအတော်များမယ့် အခြေအနေပါ။ နှစ်ဖက်အပြန်အလှန် ဒရုန်း ဗုံးသီးတွေနဲ့ တိုက်ခိုက် နေကြတယ်။ တိုက်ပွဲက အတော်ပြင်းထန်တယ် “ဟု ရှေ့တန်းစစ်ရေးသတင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရ၏ အင်အား ၆၀၀ ပါ စစ်တပ်သည် ပြီးခဲ့သည့် မေလ ၈ ရက်နေ့တွင် ကလေးမြို့မှ စစ်ကြောင်းထိုးထွက်ခွာလာကာ တီးတိန်မြို့သို့ ရောက်ရှိလာပြီး မေလ ၁၁ ရက်နေ့မှစ၍ တွန်းဇံမြို့နယ် ဘက်ကို ဆက်လက်ဦးတည် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

“ခြေကျင်တွေနဲ့ စစ်ကြောင်းထိုးတာပါ။ ကားတွေတော့ ပါတာမတွေ့ရသေးဘူး။ အင်အားတော့ အတော် များတယ်။ ရှေ့ဆုံး စစ်ကြောင်းတွေမှာ ZRA တွေလည်း ပါတယ်လို့ ကြားတယ်။ မနေ့က တိုက်ပွဲ မှာလည်း ZRA တွေ သေတယ်လို့သိရတယ်” ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ် ကို ပြောသည်။

လက်ရှိ တွန်းဇံမြို့ကို ကာကွယ်ရန် ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းလဲန်းကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် CDF-Tonzang၊ Zo Army နှင့် မဟာမိတ်ဖွဲ့များက အဆင်သင် အသင့်ပြင် ထားကြောင်း သိရသည်။

အဆိုပါ စစ်ကော်မရှင် စစ်ကြောင်း ထိုးလာသည့်အတွက် တီးတိန် – တွန်းဇံ လမ်းပိုင်းကို မေ ၁၁ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း CDF Tonzang က ထုတ်ပြန်ထားသည်။

ပုံစာ-ရွေးတုအစိုးရစစ်တပ်(ပုံဟောင်း)