‎ဧရာဝတီတိုင်းမ်
‎‎မေ ၁၄ ရက်

‎ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၉၀ ဦးကို ဆက်စပ်ပစ္စည်းများဖြင့် ဖမ်းဆီးရမိကြောင်း ရွေးတုအစိုးရက ယနေ့ သတင်းထုတ်ပြန်သည်။

‎အဆိုပါနေရာ၌ မေ ၁၂ နှင့် ၁၃ ရက်နေ့တို့တွင် တရုတ်နိုင်ငံသား ၉၀ ဦးအပါအဝင် လူနေအိမ်တဲများ၊ မီးစက် ၈ လုံး၊ All in One ကွန်ပျူတာ ၄၀ လုံး၊ Desktop ၁ လုံး၊ CPU ၁ လုံး၊ Laptop ၇ လုံး၊ Starlink ၈ လုံး၊ ဆိုလာအကြီး၊ အသေး ၉ ချပ်၊ ဒိုင်နမို ၂ လုံး၊ ပန်ကာ ၇ လုံး၊ Power Station 3500 W ၂ လုံး၊ ဝိုင်ဖိုင်စက် ၁၀ လုံး၊ ရေခဲသေတ္တာ ၂ လုံး၊ Freezer ၅ လုံး၊ ဆိုင်ကယ် ၄ စီးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

‎ပြီးခဲ့သည့်ရက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ကျားဖြန့်ဆိုဒ်များအတွင်းသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့်ဝင်ရောက်သူ တရုတ်နိုင်ငံသား ၂၀ ဦး ဖမ်းမိပြီး ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းဖောက်ဖျက်ခဲ့သည့်အတွက် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

ယင်းပြင် ကျားဖြန့်လုပ်ငန်းများထဲမှဖမ်းဆီးမိသော ပြည်ပနိုင်ငံသား ၁,၂၃၂ ဦးကို မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး ( လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃ (၁)၊ ၁၃ (၁) နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၇၆၆ ဦး၊ ပြည်ပနိုင်ငံသား ၄၆၆ ဦးကို သက်ဆိုင်ရာနိုင်ငံများထံလွှဲပြောင်းပေးရန်အသင့်ဖြစ်နေကြောင်းထုတ်ပြန်ထားသည်။

‎ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ မှ ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၅၄ ဦး ထိန်းသိမ်းနိုင်ကြောင်း၊ ယင်းနိုင်ငံသားအားလုံးအနက်မှ ၁၃,၄၂၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးပြီးဖြစ်ကြောင်းသိရသည်။