ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်
အမေရိကန်အနေနဲ့ ထိုင်ဝမ်သို့ လက်နက်ရောင်းနေတာကို ပြတ်ပြတ်သားသား ကန့်ကွက်တယ် လို့ တရုတ်နိုင်ငံက ပြောကြားခဲ့ပြီး ဝါရှင်တန်အနေနဲ့ အရင်ကပေးထားခဲ့တဲ့ ကတိကဝတ်တွေကိုလည်း တလေးတစား လိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နှစ်ရက်ကြာ တွေ့ဆုံကြမှာဖြစ် ပြီး တရုတ်က သူ့ပိုင်နက်လို့ ယူဆထားတဲ့ ထိုင်ဝမ်အရေးနဲ့ လက်နက်ရောင်းချတဲ့ ကိစ္စတွေဟာ ဒီဆွေး နွေးပွဲမှာ အဓိကပြောဖြစ်မယ့် အကြောင်းအရာတွေ ဖြစ်လာမှာပါ။
အမေရိကန်နဲ့ ထိုင်ဝမ်ကြားမှာ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့လည်း ထိုင်ဝမ်ကိုယ်တိုင် ကာကွယ်နိုင်ဖို့အတွက် လက်နက်ထောက်ပံ့ပေးရမယ်ဆိုတဲ့ ဥပဒေက အမေရိကန်မှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အမေရိကန်အစိုးရက ထိုင်ဝမ်အတွက် ဒေါ်လာ ၁၁ ဘီလီယံ ဖိုးရှိတဲ့ လက်နက်တွေ ရောင်းပေးဖို့ ကြေညာခဲ့ပြီး ဒါဟာ သမိုင်းတစ်လျှောက် အများဆုံးပမာဏ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ် ထိုင်ဝမ်ရေးရာရုံးပြောရေးဆိုခွင့်ရှိသူ ကျန်းဟန်က ထိုင်ဝမ်အရေး ဟာ တရုတ်ပြည်တွင်းရေးဖြစ်ပြီး တရုတ်ပြည်သူတွေပဲ ဆုံးဖြတ်ရမယ့်ကိစ္စပါလို့ ဆိုပါတယ်။
“ကျွန်မတို့အနေနဲ့ အမေရိကန်က ထိုင်ဝမ်နဲ့ ဘယ်လို စစ်ရေးအရ ဆက်နွှယ်မှုမျိုးပဲလုပ်လုပ်၊ လက်နက်တွေပဲ ရောင်းရောင်း ဒါတွေကို ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ ဒါဟာ ကျွန်မတို့ အစဉ် တစိုက် ကိုင်စွဲထားတဲ့ ရှင်းလင်းပြတ်သားတဲ့ သဘောထားပါ” လို့ ၎င်းက ဆိုပါတယ်။
ထိုင်ဝမ်အရေးဟာ တရုတ်ရဲ့ အဓိက အကျိုးစီးပွားတွေထဲကမှ အဓိကအကျဆုံး အချက်ဖြစ်တယ် လို့ သူက ဆက်ပြောပါတယ်။
အမေရိကန်အစိုးရအဆက်ဆက် ပေးခဲ့တဲ့ ကတိတွေကို တည်အောင်လုပ်ဖို့ဟာ အမေရိကန်ဘက် က မဖြစ်မနေ လိုက်နာရမယ့် နိုင်ငံတကာ တာဝန်ဝတ္တရားပဲလို့ ၎င်းက ထပ်လောင်း ပြောပါတယ်။
အမေရိကန်ရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒအရ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး ဘယ်ဘက်ကမှ တရားဝင် ရပ်တည်ချက် မယူထားပေမဲ့ ထိုင်ဝမ်ဟာ တရုတ်ရဲ့ နယ်မြေဖြစ်တယ်ဆိုတဲ့ တ ရုတ်ရဲ့ ရပ်တည်ချက်ကိုတော့ အမေရိကန်က သိရှိထားပါတယ်။
ကိုးကား – Reuters
Ref; China opposes US arms sales to Taiwan ahead of high-stakes Beijing summit