ဧရာဝတီတိုင်းမ်
(တီးတိန်)၊ မေ ၁၄ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲ သတင်းများကြောင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ကျွမ်းကျင် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ တိမ်းရှောင်သွားသဖြင့် လူနာများအခက်ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
တီးတိန်မြို့ရှိ ကုတင် ၁၀၀ ဆံ့ မြို့နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆေးရုံအုပ် ဒေါက်တာ ငိုဇမ်းမုံ အပါအဝင် ကျွမ်းကျင်ဆရာဝန်များ မရှိသည့်အတွက် လက်ရှိ လူနာများမှာ ဆေးကုသမှု ဆက်လက်ခံယူရန် အခက်ကြုံတွေ့နေရသည်။
“တိုက်ပွဲသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပြီးနောက် မြို့ခံတွေနဲ့အတူ ဆရာဝန်တွေ၊ ကျန်းမာ ရေးဝန်ထမ်းတွေက နယ်စပ်ဘက်ကို ရှောင်ကြတယ်။ အခုဆေးရုံမှာ လူနာတွေပဲ ကျန်တော့တယ်။ လူနာတွေက ဘယ်လိုဆေးကုရမလဲ မသိဘူး” ဟု လူနာရှင် မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက် သွားရောက်ဆေးကုသရန်လည်း ငွေကြေးအခက်အခဲများ ရှိကြသည့် အပြင် အခြားအခက်အခဲများ အများကြီးရှိသည့်အတွက် လူနာရှင်များနှင့် မိသားများက စိုးရိမ်ပူပန် နေရကြောင်း သိရသည်။
“လက်ရှိ တီးတိန်မြို့ပြည်သူ့ဆေးရုံမှာ ကျွမ်းကျင်ဆရာဝန်တွေ မရှိတော့တာကြောင့် လူနာတွေအနေနဲ့ အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကို ဆေးကုသရမလား၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်ကို ဆေးကုသ ရမလား စဉ်းစားနေရပြီး အရမ်းအခက်အခဲ တွေ့နေကြရတယ်။ ကလေးဘက် သွားမယ်ဆိုလည်း ကုန်ကျစရိတ် အရမ်းများလွန်တယ်”ဟု လူနာရှင် မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။
တီးတိန်မြို့သိမ်းစစ်ဆင်ရေးသတင်းများကြောင့် မြို့ပေါ်လူဦးရေ ၁၀,၀၀၀ ကျော်အနက် ၅၀ ရာခိုင်နှုန်း ကျော်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး မြို့တွင်း ကျန်ရစ်သည့် ဒေသခံများမှာ ကျန်းမာရေးစောင့်ရှောက်မှု မရှိတော့သည့်အတွက် ပိုမိုစိုးရိမ်နေကြကြောင်း သိရသည်။