ဧရာဝတီတိုင်းမ်
‎မေ ၁၃ ရက်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရန် ယနေ့ မေ ၁၃ ရက်နေ့ ညနေပိုင်းတွင် ပေကျင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီဖြစ်သည်။

 

ယခုခရီးစဉ်သည် ကိုးနှစ်နီးပါးကာလအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးသော တရုတ်နိုင်ငံ ခရီးစဉ်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးအခင်းအကျင်းအတွက် အလွန်အရေးပါသော ခရီးစဉ်အဖြစ် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြသည်။

သမ္မတ ထရမ့်ကို တရုတ်ဒုတိယသမ္မတ ဟန်ကျိန်း (Han Zheng) က လေဆိပ်တွင် လာရောက် ကြိုဆိုခဲ့သည်။ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ သမ္မတနှစ်ဦး တွေ့ဆုံရာတွင် အကဲဆတ်သည့် ထိုင်ဝမ် အရေး၊ လက်နက်ရောင်းချမှုဆိုင်ရာ ကိစ္စရပ်များနှင့် အရှေ့အလယ်ပိုင်း တင်းမာမှုများကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အထူးသဖြင့် အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းများသည် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းကို မြင့်တက်စေပြီး စားနပ်ရိက္ခာဖူလုံမှုကိုပါ ခြိမ်းခြောက်နေသဖြင့် အဆိုပါ ပြဿနာများအပေါ် ထိပ်သီးခေါင်း ဆောင်နှစ်ဦး၏ သဘောထားမှာ အရေးကြီးလျက်ရှိသည်။

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား မရေရာမှုများနှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ဖြစ်ပေါ် လာသည့် ယခုခရီးစဉ်သည် ဒေသတွင်း တည်ငြိမ်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ် အတည်းများအပေါ် မည်သို့သော အလှည့်အပြောင်းများ သယ်ဆောင်လာမည်ကို နိုင်ငံတကာ လေ့လာ သူများက အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ – Reuters, AP
ကိုးကား – South China Morning Post