ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်တို့တွင် ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) အပါအဝင် ဒေသတော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ အထိနာကာ သေဆုံးမှု များပြားလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အတွင်း မေလ ၁၂ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်စိတ် တစ်စိတ်စာခန့် သေဆုံးမှုရှိခဲ့ပြီး အလောင်းများကို ဆွဲယူကာ ထွက်ပြေးခဲ့ကြရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဒဏ်ရာပြင်းထန်သည့် “အတိုအပြတ်” လူနာများကို တပ်တွင်းဆေးရုံများ၌ ကုသရန် မနိုင်တော့သဖြင့် ကွင်းကောက်ရှိ အရပ်ဘက်ဆေးရုံများသို့ လာရောက်ပို့ဆောင်နေရပြီး သေဆုံးသူများကိုလည်း ရင်ခွဲရုံသို့ ပို့ဆောင်နေရသည့် အခြေအနေ ဖြစ်သည်။

“လေးမျက်နှာနဲ့ အင်္ဂပူခွင်မှာတော့ စစ်တပ်ဘက်က တိုပြတ်ကျိုးကန်းတွေ တပ်ဆေးရုံနဲ့ မဆန့်တော့လို့ ကွင်းကောက်အရပ်ဘက်ဆေးရုံမှာ ၇ ယောက် လာတင်သွားတယ်။ ရင်ခွဲရုံကိုလည်း အလောင်းတွေ သယ်ထုတ်နေတာ တွေ့ရတယ်” ဟု လေးမျက်နှာရှိ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ ခုတင် ၃၀၀ ဆေးရုံ (မဆရ ၄) တွင်လည်း ဒဏ်ရာရစစ်သည်များကို အရေးပေါ် ကုသပေးနေရသည်။ ယမန်နေ့က အဆိုပါဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် စစ်တပ်မှ ဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးသွားသဖြင့် ရွှေမြင်တင်သုဿန်တွင် ကားကြီး၊ ကားငယ် ၁၄ စီးဖြင့် လာရောက်ကာ မီးသင်္ဂြိုဟ်သွားကြောင်း သိရသည်။

လက်ရှိတွင် ငါးသိုင်းချောင်းရှိ မြောက်စမ်းအမြောက်တပ်-၃၄၄ အနီး၌လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်က အထိနာနေသည့်အတွက် ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။