ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

 

အာဏာသိမ်းစစ်တပ်၏ ရွေးတုအစိုးရက ရက် ၁၀၀ စီမံချက်ဖြင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း များကို တင်းကျပ်ပိတ်ပင်ထားသောကြောင့် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ကုန်စည်များ ဝင်ရောက်မှု ခက်ခဲနေကြောင်း ကုန်သည်များနှင့် လုပ်ငန်းရှင်များထံမှ သိရသည်။

 

ထိုင်းနှင့် တရုတ် ကုန်စည်လမ်းကြောင်းများ ပိတ်ပင်ခံထားရသည်မှာ သုံးရက်ခန့် ရှိလာပြီဖြစ်ရာ ဈေးကွက်အတွင်း လက်ရှိကုန်ပစ္စည်းများကို ထိန်းရောင်းနေရပြီး ကုန်ပစ္စည်းပြတ်လပ်မှုနှင့် ရရှိရန် ခက်ခဲမှုများ ကြုံတွေ့နေရသည်။

 

“အခု ကုန်အဝင်တွေ တအားပိတ်တယ်။ ထိုင်းလမ်းရော တရုတ်လမ်းရောပဲ။ ရက် ၁၀၀ စီမံကိန်းဆိုပြီး ဖမ်းနေတယ်လို့ ကြားရတယ်။ လမ်းကြောင်းတွေ အကုန်ပိတ်နေတော့ ရှိတာလေးပဲ ထိန်းရောင်းနေရ တယ်” ဟု အဝတ်အထည် ရောင်းချသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အချို့မှာလည်း မော်တော်ယာဉ် ပြေးဆွဲမှု ရပ်နားထားရပြီး လမ်းကြောင်းအခြေအနေကို စောင့်ကြည့်နေရသည်။

 

“ထိုင်းလမ်းကြောင်းဘက်ဆိုရင် အရင်ထွက်သွားတဲ့ ကားတွေက လွတ်သွားပေမယ့် နောက်ကျတဲ့ ကားတွေက မော်လမြိုင်မှာ ပိတ်မိနေတယ်။ သူတို့လက်ထဲမှာပဲ လမ်းက ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ ဖြစ်နေတာ” ဟု ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး၌ လိုင်စင်ကန့်သတ်ချက်နှင့် လမ်းပိတ်မှု များကြောင့် ကုန်စည်များကို တောလမ်းများမှတစ်ဆင့် ကွေ့ဝိုက်တင်သွင်းနေရသဖြင့် သယ်ယူစရိတ် ကြီးမြင့်ကာ ကုန်ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။

အခြားတစ်ဖက်တွင်လည်း နယ်စပ်မှ တရားမဝင်ကုန်စည် စီးဆင်းမှုများကို တားဆီးရန် ထိုင်းနိုင်ငံ ဘက်ကလည်း တင်းကျပ်ထားသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ဂိုထောင်တစ်ခုအတွင်း မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ဘတ်သန်း ၅၀ တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းနှင့် ဟိုတယ်သုံးပစ္စည်းများကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

 

ရွေးတုအစိုးရအနေဖြင့် လိုင်စင်ရရှိပြီးသော မြန်မာ-ထိုင်း ကုန်စည်များကို ပင်လယ်ရေကြောင်း မှတစ်ဆင့် ပြောင်းလဲတင်သွင်းရန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ကန့်သတ်ခွင့်ပြုထားသော်လည်း လက်ရှိတွင် နယ်စပ်လမ်းကြောင်းများမှာ အခြေအနေမတည်ငြိမ်ဘဲ ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်နေကြောင်း သိရသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်း၊ လူမှုကွန်ရက်