ဧရာဝတီတိုင်းမ်
မေ ၁၃ရက်
မန္တလေးမြို့မှ ထွက်ခွာလာသည့် အစီးရေ ၃၀၀ ကျော်ပါ စစ်ယာဉ်တန်းကြီးသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အတွင်းသို့ မေလ ၁၂ ရက် ညနေပိုင်းတွင် ဝင်ရောက် သွားကြောင်း သိရသည်။
အဆိုပါစစ်ယာဉ်တန်းသည် “ပြည်သူများအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပေးပို့ခြင်း” ဟု ရေးသားထားသည့် ဗီနိုင်းများ ချိတ်ဆွဲလာသော်လည်း သံချပ်ကာကားများ၊ လက်နက်ခဲယမ်းများနှင့် စစ်ကူများ ပါဝင်လာခြင်း ဖြစ်သည်။
ထို့အပြင် လမ်းပိုင်းရှိ မြို့များတွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်ရန်အတွက် Non-CDM ဘဏ်ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများကိုပါ ချထားပေးခဲ့ကြောင်း ဒေသတွင်းသတင်းများနှင့် ရွေးတု အစိုးရ လက်အောက်ခံ သတင်းစာများတွင် ဖော်ပြထားသည်။

“စစ်တပ် ပြန်နေရာယူထားတဲ့ လမ်းကြောင်းအတိုင်း တက်လာတာဖြစ်သလို ပြည်သူတွေအတွက် စားနပ်ရိက္ခာယာဉ်တန်းဆိုပြီး အကာအကွယ်ယူလာတော့ လျောလျောရှူရှူ ရောက်လာကြတာပါ။ နာမည်ကတော့ ပြည်သူအတွက်ပေါ့၊ တကယ်က ခဲယမ်းတွေရော သံချပ်ကာကားတွေပါ ပါတယ်” ဟု မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မန္တလေးမှနေ၍ ပြီးခဲ့သည့် မေ ၉ ရက်တွင် စတင်ထွက်ခွာလာသည့် အဆိုပါယာဉ်တန်းသည် ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူးနှင့် မိုးညှင်းမြို့များကို ဖြတ်သန်းလာခဲ့ခြင်း ဖြစ်သည်။ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မေ ၆ ရက်တွင် စစ်တပ်က ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ အင်အားအလုံး အရင်းဖြင့် ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်းရှိ အင်းတော်ကြီး၊ ဖားကန့်၊ ဗန်းမော်နှင့် ရွှေကူဒေသတို့၌ တိုက်ပွဲများ ပြင်းထန်နေပြီး ရွေးတုအစိုးရ စစ်တပ်က အင်အားထောင်ချီ ဖြည့်တင်းထားသော်လည်း ကချင်လွတ်လပ် ရေးတပ်မတော် (KIA) ၏ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းများ ရှေ့မတိုးနိုင်ဘဲ ထိခိုက်သေဆုံးသူများကို ပြန်လည်သယ်ထုတ်နေရသည့် အခြေအနေရှိကြောင်း သိရသည်။
ဓာတ်ပုံ-MOI