နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်
ရွေးတုအစိုးရစစ်တပ်နှင့် လက်အောက်ခံအဖွဲ့များက ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်အပြင် တိုင်းသုံး တိုင်းတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ရာဇဝတ်မှုများသည် ပြီးခဲ့ သော ၁၂ လအတွင်း အကြိမ် ၁,၁၀၀ ကျော် ရှိခဲ့ကြောင်း ပဉ္စမမဏ္ဍိုင် (PMCSG) က ထုတ်ပြန်သည်။
နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ခရိုင် ၁၁ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်တို့တွင် အဆိုပါ အမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ် ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ ၁,၁၂၂ ကြိမ်ရှိကာ စစ်ကိုင်းတိုင်း၌ အများဆုံးဖြစ်ကြောင်း ယနေ့ မေ ၁၃ ရက်တွင် ပြုလုပ်သည့် PMCSG အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
“ကျူးလွန်သူတွေကို အပြစ်ပေး၊ အရေးယူတာမျိုးတွေ စတာတွေကို ဆောင်ရွက်နိုင်ဖို့ မှတ်တမ်းတင်တဲ့ အစီ အစဉ်အနေနဲ့ အခုလိုထုတ်ပြန်တာ ဖြစ်ပါတယ်။ အခုအကြိမ် ထုတ်ပြန်တဲ့ စစ်တမ်းကတော့ ကျွန်တော်တို့ရဲ့ ၅ ကြိမ်မြောက် စစ်တမ်းတစ်ခု ဖြစ်ပါတယ်” ဟု PMCSG အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် ဖြစ်စဉ်ဖြစ်ပွားမှုများတွင် ရွေးတုအစိုးရစစ်တပ်နှင့် လက်အောက်ခံအဖွဲ့များအပါအဝင် ကျူးလွန်သူများသည် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရနေခြင်းကြောင့် အမှုအခင်းများ ဆက်လက်မြှင့် တက်နေသည်ကို တွေ့ရှိရပြီး တစ်လလျှင် ပျမ်းမျှအားဖြင့် ဖြစ်စဉ် ၉၃ ကြိမ်ကျော် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
PMCSG အဖွဲ့၏ “လက်နက်ကိုင် ပဋိပက္ခများအတွင်း ပြည်သူလူထု ထိခိုက်နစ်နာမှုနှင့် တရားမျှတမှု ဖော်ဆောင်ရေး” သုတေသန စစ်တမ်းအရ ကျူးလွန်ကြသူများထဲတွင် တော်လှန်ရေးလက်နက်ကိုင် အင်အားစုများနှင့် အတည်ပြုရန် ခက်ခဲပြီး အမည်ခံထားခြင်းမရှိသော လက်နက်ကိုင်အဖွဲ့များလည်း ပါဝင်နေကြောင်း သိရသည်။
သို့သော် ရွေးတုအစိုးရစစ်တပ်နှင့် လက်အောက်ခံအဖွဲ့များ ကျူးလွန်မှုများသည် စုစုပေါင်း ၉၁၅ ကြိမ် ရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ၄၈၅ ကြိမ်၊ စစ်ရာဇဝတ်ကျူးလွန်မှု ၄၀၀ ကြိမ်နှင့် ကျန်သည်မှာ ရာဇဝတ်မှုများဖြစ်သလို အရပ်သားများကို ဦးတည်၍လည်း ပစ်မှတ်ထားကာ တိုက်ခိုက်ကျူးလွန် နေကြောင်း သိရသည်။
အရပ်သားပြည်သူကို ဦးတည်၍ ပစ်မှတ်ထား လုပ်ဆောင်ရာ၌ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ပေါ်တာဆွဲ ဖမ်းဆီးမှု၊ ဓားစာခံ လူသားဒိုင်းသဖွယ် ဖမ်းဆီးမှု၊ စီးနင်းမီးရှို့မှု၊ ဧည့်စာရင်း စစ်ဆေးမှု စသည့်ဖြစ်စဉ်များမှာ အများဆုံးဖြစ်ပြီး ၈၅၇ ကြိမ်ရှိကာ စစ်ရေးပစ်မှတ်ထက်ပင် များပြား လျက်ရှိသည်။
ထိုကဲ့သို့ ကျူးလွန်သဖြင့် အရပ်သားပြည်သူ ၈၄၃ ဦး သေဆုံး၍ ၈၈၆ ဦး ထိခိုက်ဒဏ်ရာရကာ အမျိုးသား ၂,၃၀၂ ဦးနှင့် အမျိုးသမီး ၁၀၉ ဦး စုစုပေါင်း ၂,၄၁၁ ဦး ဖမ်းဆီးခံရပြီး အဆိုပါအရေအတွက်သည် အတည် ပြုနိုင်သော အခြေအနေဖြစ်သလို မြေပြင်တွင် ကွဲလွဲမှုရှိနိုင်ကြောင်း PMCSG အဖွဲ့ထံက သိရသည်။
ယင်းအပြင် နယ်မြေဒေသအလိုက် ကျူးလွန်မှုများအနက် စစ်ကိုင်းတွင် ၆၇၀ ကြိမ်၊ ရန်ကုန်၌ ၂၃၆ ကြိမ်၊ နေပြည်တော်တွင် ၁၂၁ ကြိမ်၊ မကွေး၌ ၉၅ ကြိမ်တို့ဖြစ်ပြီး အဆိုပါကျူးလွန်မှုများအနက် လူ့အခွင့်အရေး ချိုးဖောက်မှု ၅၁၃ ကြိမ်နှင့် စစ်ရာဇဝတ်မှု ၄၃၀ ကြိမ်တို့မှာ ရာဇဝတ်မှုများထက် များပြားစွာ ဖြစ်ပွား နေကြောင်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်