ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်
ထိုင်းနိုင်ငံတွင် လာမည့် မေ ၁၄ ရက် မှ ၁၈ ရက်နေ့ အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးသည်း ထန်စွာရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဦးစီးဌာနက ယနေ့ မေ ၁၃ ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။
ထိုင်းမြောက်ပိုင်း၊ အလယ်ပိုင်းလွင်ပြင် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး တောင်စောင်းများ၊ ရေလမ်းကြောင်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် လျှပ်တပြတ် ရေကြီး၊ ရေလျှံခြင်းများဖြစ်ပွားနိုင်ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ် မစ္စဆုကန်ညာနီ ယာဝင်ချန်းက ပြောဆိုခဲ့သည်။
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ အထက်ပိုင်းသို့ ရွှေ့လျားလာပြီး အန်ဒမန်ပင်လယ်၊ ထိုင်းနှင့် ထိုင်းပင်လယ်ကွေ့တို့တွင် အနောက်တောင်မုတ်သုံလေ အားကောင်းလာမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ မေ၁၃ ရက်နေ့ မိုးလေဝသ ခန့်မှန်းချက်များအရ ထိုင်းမြောက်ပိုင်းတွင် မိုးအများဆုံးရွာသွန်းနိုင်ပြီး ဘန်ကောက်မြို့အပါအဝင် နေရာအချို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း သိရသည်။
လာမည့်ရက်များတွင် ထိုင်းနိုင်ငံတဝန်း မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားမည်ဖြစ်သော်လည်း အချို့ဒေသများတွင် ပူပြင်းသည့်ရာသီဥတုကို ဆက်လက်ကြုံတွေ့ရမည်ဟု ထိုင်းမိုးလေဝသဌာနက ဆိုသည်။
ကိုးကား – Bangkok Post