ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် တပ်မ (၃၃) စစ်ကြောင်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရွေးတုအစိုးရ စစ်တပ်ဘက်မှ ၁၀ ဦးခန့် ထိခိုက်မှုရှိခဲ့ပြီး ယင်းစစ်ကြောင်းမှ စစ်သား ငါး ဦးသည်လည်း လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း သိရသည်။

 

ဘန့်ဘွေးကျေးရွာမှ ပျူစောထီးများ အပါအဝင် အင်အား ၃၀၀ ကျော်ပါရှိသည့် ရွေးတုအစိုးရ စစ်တပ်ကို တရော်ကျင်းရွာနှင့် ချောင်းမကျေးရွာ လမ်းပိုင်းတစ်နေရာတွင် ပြီးခဲ့သည့် မေ ၁၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင် ဗျူဟာအမှတ် (၄၇) က ယမန်နေ့ မေ ၁၂ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကြောင်းထံမှ ဒေသခံပြည်သူများပိုင် ထွေလာဂျီတစ်စီးနှင့် အခြား ပစ္စည်း များကို ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

 

“စစ်တပ်က အင်အားအများအပြားနဲ့ ပြည်သူကို ဒုက္ခပေးနေလို့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ရနိုင်တဲ့ နည်းလမ်းတွေသုံးပြီး တိုက်ပွဲဝင်နေပါတယ်” ဟု ဗျူဟာအမှတ် (၄၇) တာဝန်ရှိသူက ဆိုသည်။

 

ရွေးတုအစိုးရတပ်မှ စစ်သား ငါး ဦးသည် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ယင်းမာပင်ခရိုင် ဗျူဟာအမှတ် (၄၇) ထံသို့ လက်နက်ခဲယမ်းများ ယူဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ အလင်းဝင် ရောက်လာခဲ့ခြင်း ဖြစ်သည်။

 

လက်ရှိတွင် တပ်မ ၃၃ နှင့် တပ်မ ၉၉ မှ အင်အား ၅၀၀ ကျော်ကို စစ်ကြောင်းများခွဲကာ ပုလဲနှင့် ယင်းမာပင် မြို့နယ်များသို့ စစ်ကြောင်းထိုးနေသလို ကနီ-ယင်းမာပင် အစပ်ရှိ အင်အား ၃၀၀ ကျော်မှာလည်း ယာကြီး-ကလေးဝ လမ်းပိုင်းကို စိုးမိုးရန် ပြင်ဆင်နေကြောင်း ယင်းမာပင်ခရိုင် ပကဖ ထံမှ သိရသည်။

 

စစ်ရေးအခြေအနေ တင်းမာနေသည့်အတွက် မုံရွာ-ယာကြီး-ကလေးဝလမ်း၊ ညောင်ပင်ကြီး-ယင်းမာပင်လမ်းနှင့် ဖိုလ်ဝင်တောင်-ယင်းမာပင် လမ်းပိုင်းများကို မေလ ၉ ရက်မှစတင်ကာ ကာကွယ်ရေး တပ်များက ယာယီပိတ်ထားကြောင်း သိရသည်။

ဓာတ်ပုံ-ယင်းမာပင် ဗျူဟာအမှတ် (၄၇)