ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

 

မြန်မာနိုင်ငံ၏ ရွေးတုအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုနိုင်ရန် ကြိုးပမ်းနေသည့် တီမောလက်စတေနိုင်ငံ၏ ခြေလှမ်းကို အာဆီယံနိုင်ငံများက ထောက်ခံအတည်ပြုသင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်တိုက်တွန်းလိုက်သည်။

 

အာဏာသိမ်းခေါင်းဆောင်နှင့် စစ်အုပ်စုဝင်များကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ် မှုစွဲချက်များဖြင့် တရားစွဲဆိုနိုင်ရေးအတွက် တီမောနိုင်ငံက အစိုးရရှေ့နေတစ်ဦးကို သီးသန့် ခန့်အပ်လိုက်ခြင်းအပေါ် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်အတွက် ဖမ်းဝရမ်း ထုတ်ပြန်လာပါက ဖိလစ်ပိုင်အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းကိုဖမ်းဆီး၍ သည်ဟိဂ် သို့ လွှဲပြောင်းပေးနိုင်ရန် ICC နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC-M က ဆိုသည်။

 

ယင်းထုတ်ပြန်ချက်ကို မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးဟောင်းများနှင့် တရားရေးဝန်ကြီးဟောင်းများအပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်ပုဂ္ဂိုလ်ဟောင်း သုံး ဦးက ပြီးခဲ့သည့် မေ ၆ ရက်တွင် ပူးတွဲလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာသည့် တီမောလက်စတေသည် လာမည့် ၂၀၂၉ ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရန် အတည်ပြုထားပြီး ဖြစ်သည်။ တီမောတွင် ရွေးတုအစိုးရ စစ်ခေါင်း ဆောင်များကို စစ်ရာဇဝတ်မှုဖြင့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တိုင်ကြားထားမှုကိုလည်း တီမောအစိုးရက လက်ခံထားသည်။

 

သို့သော် တီမော အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့်ကာလသို့ မရောက်မီ ၂၀၂၇ တွင် စင်္ကာပူနှင့် ၂၀၂၈ တွင် ထိုင်းနိုင်ငံတို့က ဥက္ကဋ္ဌတာဝန် ယူကြမည်ဖြစ်သည်။

 

SAC-M ကမူ အာဆီယံအနေဖြင့် စစ်အုပ်စု၏ ကိုယ်ပွားအစိုးရအဖွဲ့ကို ပြတ်ပြတ်သားသား ငြင်းပယ် ရန်နှင့် ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိများကိုပါ အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ခြင်းဖြင့် စစ်အုပ်စု ရှင်သန်ရပ်တည်နိုင်စွမ်းမရှိအောင် တရားဝင် ဖြတ်တောက်ရမည်ဖြစ်ကြောင်း အလေးပေး တိုက်တွန်းထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက် ၊ ASEAN