နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

မြန်မာ့နွေဦးတော်လှန်ရေး အားကောင်းလာသည်နှင့်အမျှ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အတွင်း မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမှုအပေါ် သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှု အပြောင်းအလဲများသည် မြန်မာ့နိုင်ငံရေးအတွက် အရေးပါသော အလှည့်အပြောင်းများ ဖြစ်လာနိုင်ကြောင်း သိရသည်။

အထူးသဖြင့် မြန်မာ့တော်လှန်ရေး အင်အားစုများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိပြီး စစ်ခေါင်းဆောင် ရွေတုသမ္မတ ဦးမင်းအောင်လှိုင်ကို တရားစွဲဆိုထားသည့် တီမောနိုင်ငံသည် လာမည့် ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရန် အတည်ပြုလိုက်ခြင်းက တော်လှန်ရေးအင်အားစုများအတွက် အားတက်စရာ ဖြစ်လာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ မကြာသေးမီက ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အသွင်ပြောင်း ရွေးတုအစိုးရမှ ကိုယ်စားလှယ်များကို တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားသလို၊ ၎င်းတို့၏ တစ်ဖက်သတ် အတုအယောင်ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုဘဲ ကန့်ကွက်ခဲ့ကြသည်။

“နေ့စဉ်ပြည်သူလူထုကို သတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့အပါအဝင် အခြေခံကျတဲ့ အကြောင်း တရားတွေကိုတောင် ဆောင်ရွက်ခြင်းမပြုဘဲ ကျန်တဲ့ အကြောင်းအရာတွေမှာ ယုံကြည်ဖို့ခက်တယ်။ အဲဒီအတွက် အာဆီယံအနေနဲ့ရော နိုင်ငံတကာကပါ အသိအမှတ်ပြုဖို့က ဝေးသေးတယ်” ဟု နိုင်ငံတကာဆက်ဆံရေးလေ့လာသူ ဦးဝင်းမင်းက သုံးသပ်သည်။

အာဆီယံအလှည်ကျ ဥက္ကဋ္ဌအဖြစ် တီမော တာဝန် မယူမီ ကြားကာလများဖြစ်သည့် ၂၀၂၇ တွင် စင်္ကာပူနှင့် ၂၀၂၈ တွင် ထိုင်းနိုင်ငံတို့က အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူကြမည်ဖြစ်သည်။ အဆိုပါ နှစ်နိုင်ငံစလုံးသည် ရွေးတုအစိုးရနှင့် စီးပွားရေးအရသော်လည်းကောင်း၊ တိုက်လေယာဉ်နှင့် လက်နက် အရောင်းအဝယ်အရသော်လည်း ကောင်း ခိုင်မာသော ပတ်သက်မှုများ ရှိနေခြင်းက စိုးရိမ်စရာ ဖြစ်နေသည်။

နိုင်ငံရေးသုတေသီ ဒေါက်တာစိုင်းကြည်ဇင်စိုးက “စင်္ကာပူနဲ့ ထိုင်း ဥက္ကဋ္ဌဖြစ်တဲ့ နှစ်တွေမှာ အခုအသွင်ပြောင်းအစိုးရကို အာဆီယံအနေနဲ့ ပိုကန့်သတ် ဆက်ဆံမယ်လို့ ကြိမ်းသေတွက်လို့ မရနိုင်ပါဘူး။ အပြောင်းအလဲ ဖြစ်နိုင်ခြေ အချက်အလက် မသိကိန်းတွေ အများကြီး ရှိပါတယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့မှုကောင်းမွန်သည့် တီမောနိုင်ငံ ဥက္ကဋ္ဌဖြစ်လာမည့် ၂၀၂၉ ခုနှစ်သည် မြန်မာ့အရေးအတွက် အဆုံးအဖြတ်ပေးနိုင်သည့် ကာလဖြစ်လာနိုင်ကြောင်း လေ့လာသူများ က ယူဆကြသည်။

“ဒီကြားထဲမှာ ပြည်သူလူထု လိုချင်တဲ့စနစ်ကို ပြောင်းလဲနိုင်ဖို့ဆိုရင် တော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့ နိုင်ငံခြားရေးနဲ့ အာဆီယံအရေးကို ပိုပြီး စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်မယ်” ဟု ဦးဝင်းမင်းက အကြံပြုသည်။

လက်ရှိတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် တီမောနိုင်ငံတို့ရှိ တရားရုံးများ၌ ရွေးတုအစိုးရကို တရားစွဲ ဆိုထားမှုများ ရှိနေသော်လည်း အာဆီယံ၏ ပဋိဉာဉ်အရ အဖွဲ့ဝင်အားလုံး သဘောတူမှ ဆုံးဖြတ်ချက်ချနိုင်သည့် အနေအထားကြောင့် မြန်မာ့အရေးမှာ အလှည့်ကျဥက္ကဋ္ဌ၏ သဘောထားအပေါ် များစွာ မူတည်နေမည် ဖြစ်သည်။

ရွေးတုအစိုးရကမူ အာဆီယံ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခံရမှုအပေါ် တုံ့ပြန်ထားပြီး ထိုယန္တရားများနှင့် လှုပ်ရှားမှုများအတွက် နှစ်စဉ်ကြေးများ ပေးသွင်းနေလျှက် ခွဲခြားဆက်ဆံ၊ ဖိအားပေးမှုများ ပြုလုပ်နေ၍ ၎င်းတို့ဦးဆောင် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့်သာ ဆက်သွားမည်ဟု ဆိုထားသည်။