ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ကမ္ဘာ့လောင်စာဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေ တဲ့အတွက် လောင်စာဆီ လျှော့သုံးတာ အပါအဝင် ခြိုးခြံချွေတာရေး အစီအစဉ်တွေကို လိုက်နာကြဖို့ နိုင်ငံ သားတွေကို တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ လူထုဟောပြောပွဲတစ်ခုမှာ မိုဒီက အခုလို ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း ဖြစ်နေတဲ့အချိန် အိန္ဒိယနိုင်ငံသားတွေအနေနဲ့ လောင်စာဆီသုံးစွဲမှုကို ထိန်းချုပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ အကျိုးရှိရှိ သုံးခဲ့တဲ့ အိမ်ကနေ အလုပ်လုပ်တဲ့စနစ်ကို ပြန်ပြီး ကျင့်သုံးမယ်ဆိုရင် အိန္ဒိယနိုင်ငံအတွက် အကျိုးရှိစေမယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ကိုယ်ပိုင်ယာဉ်တွေထက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေ ကို ပိုပြီးအားကိုးကြဖို့၊ ပြည်ပခရီးစဉ်တွေကို လျှော့ချကြဖို့နဲ့ ပြည်ပကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို လည်း လျှော့ပြီး ဝယ်ယူကြဖို့ ၎င်းက တိုက်တွန်းလိုက်ပါတယ်။

“ဒါက ကျွန်တော်တို့အတွက် သိပ်ပြီး အဓိပ္ပာယ်ရှိလှတယ်လို့ မထင်ပါဘူး။ ဒီအစီအစဉ်ကို တကယ် လုပ်မယ်ဆိုရင် ဝန်ကြီးချုပ်ကိုယ်တိုင်ရော သူ့ပါတီက လူတွေအားလုံးပါ အရင်ဆုံး စံပြအနေနဲ့ လိုက်နာပြ ဖို့ လိုပါတယ်” လို့ နယူးဒေလီမြို့မှ ဒေသခံတစ်ဉီးက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ လိုအပ်တဲ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ အများစုကို အရှေ့အလယ်ပိုင်းဒေသမှ အဓိက တင်သွင်းနေရတာပါ။

အိန္ဒိယအစိုးရက ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေကို လက်ရှိအချိန်ထိ ထိန်းထားနိုင်သေးပေမဲ့ အရှေ့ အလယ်ပိုင်းဒေသမှာ မတည်ငြိမ်မှုတွေ ကြာရှည်လာတာနဲ့အမျှ တိုင်းပြည်စီးပွားရေးအပေါ် ဝန်ထုပ်ဝန်ပိုး တွေ ပိုဖြစ်လာမှာကို စိုးရိမ်မှုတွေ တိုးနေပါတယ်။

အတိုက်အခံပါတီတွေကတော့ အိန္ဒိယအစိုးရဟာ ဝန်ထုပ်ဝန်ပိုးတွေကို ပြည်သူတွေအပေါ်ကိုပဲ လွှဲချနေတယ်လို့ အပြင်းအထန် ဝေဖန်နေကြပါတယ်။

အိန္ဒိယနိုင်ငံဟာ စွမ်းအင်လိုအပ်ချက်နဲ့ ပတ်သက်ပြီး အရှေ့အလယ်ပိုင်းဒေသကို တော်တော်လေး မှီခိုနေရတာပါ။

ကိုးကား – NHK
Ref; India’s Modi urges citizens to cut fuel use amid energy price surge