ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်
ဗြိတိန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတွေ လွတ်လပ်စွာ သွားလာနိုင်ရေးကို ကာကွယ်ဖို့ နိုင်ငံတကာပူးပေါင်းအဖွဲ့နဲ့အတူ စစ်ရေးအရ ပါဝင်ကူညီမယ့် အစီအစဉ်တစ်ခုကို ကြေညာ လိုက်ပါတယ်။
ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေက ဂျပန်အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က ကာကွယ် ရေးဦးစီးချုပ်တွေ တက်ရောက်တဲ့ အွန်လိုင်းအစည်းအဝေးတစ်ခုမှာ အင်္ဂါနေ့က ဒီအစီအစဉ်ကို ပြောပြခဲ့ တာပါ။ ဒီအစည်းအဝေးကို ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့တာပါ။
ဒီရေလက်ကြား လုံခြုံရေးအတွက် လိုအပ်တဲ့ ဘယ်လိုတာဝန်ကိုမဆို ထမ်းဆောင်နိုင်ဖို့ အရှေ့အ လယ်ပိုင်းဒေသသို့ ဖျက်သင်္ဘောတစ်စီး စေလွှတ်သွားမယ်လို့ ဂျွန်ဟီလေက ပြောပါတယ်။
ဗြိတိန်အနေနဲ့ ရေမိုင်းတွေကို ရှာဖွေဖျက်ဆီးနိုင်တဲ့ အလိုအလျောက်မောင်းနှင်တဲ့ ကိရိယာတွေ ကိုလည်း အသုံးပြုမှာဖြစ်ပြီး ဒီအရေးပါတဲ့ ရေလမ်းကြောင်းပေါ်မှာ ဝေဟင်ကနေ ကင်းလှည့်ဖို့အတွက် တိုက်လေယာဉ်တွေကိုလည်း အဆင်သင့် ပြင်ဆင်ထားမယ်လို့ သိရပါတယ်။
တခြားနိုင်ငံတွေကလည်း ဒီပူးပေါင်းစစ်ဆင်ရေးမှာ သူတို့ပါဝင်မယ့် အစီအစဉ်တွေကို အသီးသီး ထုတ်ပြန်ခဲ့ကြတယ်လို့ ဗြိတိန်အစိုးရက ဆိုပါတယ်။
“ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံလောက်ဟာ ဒီရေလက်ကြားကနေ ဖြတ်သန်းနေတာပါ။ သင်္ဘောတွေ လွတ်လပ်စွာ သွားလာနိုင်အောင် ကာကွယ်ပေးဖို့ဆိုတာ ဗြိတိန်အတွက်ရော ကမ္ဘာတစ်ဝန်းလုံးအတွက်ပါ အရေးကြီးပါတယ်။ ဗြိတိန်အနေနဲ့ ဒီလုပ်ငန်းစဉ်မှာ ဦးဆောင်ပါဝင်နေပါတယ်” လို့ ဂျွန်ဟီလေက လူမှု ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒီအစည်းအဝေးကို ဂျပန် ကာကွယ်ရေးဝန်ကြီး ကိုအိဇုမိ ရှင်ဂျိရိုးလည်း တက်ရောက်ခဲ့ပြီး အမေရိ ကန်နဲ့ အီရန်ကြား အပစ်အခတ်ရပ်စဲရေး၊ အီရန်နဲ့ ဆက်သွယ်ပြောဆိုမှုတွေရှိနေဖို့နဲ့ ဒီရေလမ်းကြောင်းအ တွင်း ခြိမ်းခြောက်မှုတွေ လျော့ကျသွားဖို့က လိုအပ်တယ်လို့ ဆိုပါတယ်။
လက်တွေ့ကျကျ ကြည့်မယ်ဆိုရင်လည်း အမေရိကန်နဲ့ ခိုင်ခိုင်မာမာ ဆက်သွယ်ဆောင်ရွက်ဖို့က အရေးကြီးတယ်လို့ သူက ပြောပါတယ်။
အခုလို အစည်းအဝေးတက်တာဟာ ဂျပန်အနေနဲ့ ဒီရေလက်ကြားအတွက် နိုင်ငံတကာ စစ်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်မယ်လို့ ဆိုလိုတာမဟုတ်ဖူးလို့ ကိုအိဇုမိက ဆက်ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီအရေးပါတဲ့ ရေလမ်းကြောင်း ဘေးကင်းလုံခြုံဖို့အတွက် ဥရောပနိုင်ငံတွေ၊ ဂျပန်နဲ့ တခြားနိုင်ငံတွေအနေနဲ့ ပါဝင်ကူညီကြဖို့ တိုက်တွန်းထားပါတယ်။
ကိုးကား – NHK
Ref; Britain plans to send destroyer to Strait of Hormuz to ensure safe passage