ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်

 

ထိုင်းနိုင်ငံ၊ ပတ္တယားမြို့အနီးရှိ ဇိမ်ခံဗီလာတစ်လုံးကို မူးယစ်ဆေးဝါးများထုတ်လုပ်သည့် အသေးစားစက်ရုံအသွင်ပြောင်းလဲပြီး တရားမဝင် မူးယစ်ဆေးဝါးများထုတ်လုပ်နေသည့် တရုတ်ဂိုဏ်းကို ယမန်နေ့ မေ ၁၁ ရက်နေ့ ညနေပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

Zombie Pod ဟုခေါ်သည့် မူးယစ်ဆေးဝါးနှင့် ရောစပ်ထားသော E-cigarette pod များကို လျှို့ဝှက်ထုတ်လုပ်နေသည့် အိမ်တွင်းစက်ရုံတစ်ခုကို ချွန်ဘူရီပြည်နယ်ရဲတပ်ဖွဲ့နှင့် စီးပွါးရေးရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့ (B.E.P.) မှ အရာရှိများက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးလျှို့ဝှက်ထုတ်လုပ်မှုနှင့်ဆက်စပ်၍ တရုတ်နိုင်ငံသား သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေအိမ်မှာ လျှပ်စစ်သံဆူးကြိုးများဖြင့် ကာရံထားပြီး အိမ်အတွင်းပိုင်းကိုလည်း ဓာတ်ခွဲခန်းပုံစံ ပြုပြင်ထားကြောင်းကို တွေ့ရှိခဲ့ရသည်။

 

ထို့ပြင် နေအိမ်၏ ဒုတိယထပ်တွင် အီးစီးကရက်များအတွင်းသို့ ဆေးရည်ဖြည့်သွင်းသည့် စက်ပစ္စည်းများ၊ ဓာတုပစ္စည်း ပေါင်းစပ်ရာတွင်သုံးသည့်ပစ္စည်းများ၊ သိုလှောင်ကန်များနှင့် ကုန်ကြမ်းအမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများအရ အဆိုပါတရုတ်ဂိုဏ်းမှာ LINE၊ Telegram စသည့်အက်ပလီကေးရှင်းများမှတဆင့် လူငယ်များနှင့် နိုင်ငံခြားသားများကို ပစ်မှတ်ထားကာ မူးယစ်ဆေးဝါးများကို ရောင်းချခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှထောက်လှမ်းရေးသတင်းများအရ စစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

အိမ်နီးနားချင်းများကမူ အဆိုပါနေအိမ်သည် အမြဲတမ်းမီးပိတ်ထားသည့်အပြင် လူအဝင်အထွက်လည်းနည်းပါးသည့်အတွက် လူနေခြင်းမရှိသည့်အိမ်ဟု ထင်မှတ်နေကြကြောင်း ပြောဆိုခဲ့သည်။

 

ယခု သိမ်းဆည်းရမိသည့် စက်ပစ္စည်းများနှင့် ဓာတုဗေဒပစ္စည်းများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက Nong Pla Lai ဒေသတွင် ဖမ်းဆီးရမိခဲ့သည့် ပစ္စည်းများနှင့် ဆင်တူနေသည့်အတွက် မူးယစ်ဂိုဏ်းတစ်ခုတည်းက လုပ်ဆောင်နေခြင်း ဟုတ် မဟုတ်ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေကြောင်းလည်း သိရသည်။

 

ကိုးကား – The Pattaya News