ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်

 

ရန်ကုန်မြို့တွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် အထပ်မြင့်အဆောက်အအုံများရှိ ဓာတ်လှေကားအတွင်း ပိတ်မိသည့်ဖြစ်စဉ်များ ပိုမိုများပြားလာရာ ယနေ့ မေ ၁၂ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသမီး ခြောက် ဦး ဓာတ်လှေကားအတွင်း ပိတ်မိခဲ့ကြောင်း သိရသည်။

 

ယနေ နံနက်ပိုင်း ရုံးတက်ချိန် ၁၀ နာရီ ၁၂ မိနစ်ခန့်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ ရှစ်ထပ်ခွဲ အဆောက်အအုံတစ်ခုတွင် မီးပြတ်သွားသဖြင့် ဓာတ်လှေကား ရပ်တန့်သွားကာ အမျိုးသမီး ခြောက်ဦး မြေညီထပ်၌ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပိတ်မိနေသူများကို မီးသတ်တပ်ဖွဲ့က လာရောက်ကူညီခဲ့ရာ နံနက် ၁၀ နာရီ ၂၃ မိနစ်တွင် ဘေးကင်းစွာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး စုစုပေါင်း ၁၁ မိနစ်ခန့် ပိတ်မိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းများနှင့် ကွန်ဒိုများတွင် မီးခဏခဏပျက်သည့်အပြင် မီးပြတ်သွားချိန်၌ အရန်မီးစက် (Generator) ပြောင်းလဲမောင်းနှင်ရန် ကြန့်ကြာမှုများရှိခြင်းကြောင့် ဓာတ်လှေကားအတွင်း ၁၀ မိနစ်မှ မိနစ် ၃၀ ခန့်အထိ ပိတ်မိသည့် ဖြစ်စဉ်များ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-MSF