‎ဧရာဝတီတိုင်းမ်
‎မေ ၁၂ရက်

‎ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာရှိ ရွေးတုအစိုးရ စစ်တပ်၏ အမြောက် တပ်-၃၄၄ ကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲပြန်လည်ပြင်းထန်လာကြောင်း သိရသည်။

‎AA နှင့် ပူးပေါင်း တော်လှန်ရေးတပ်များသည် အမြောက်တပ် ၃၄၄ကို ပြီးခဲ့သည့် မေ ၁၀ရက်မှစကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ဘက်မှ အထိနာနေကြောင်း သတင်း ရင်းမြစ်ထံမှ သိရသည်။

‎”ပထမအကြိမ်တုန်းက အမြောက်တပ်ဘန်ကာတွေကို ပစ်ခတ်ဖျက်ဆီးနိုင်တဲ့အထိ တပ်ကိုသိမ်းနိုင်ဖို့ နီးစပ်ခဲ့တယ်။ အခုတိုက်ပွဲအခြေအနေအရတော့ အမြောက်တပ်ကို ပိတ်ဆို့ပြီးတော့ တိုက်နေတယ်လို့ သိရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ဂွ-ငါးသိုင်းချောင်းလမ်းပိုင်းကို စိုးမိုးရန်ကြိုးပမ်းနေသည့် ရွေးတုအစိုးရစစ်တပ်က အမြောက်တပ်အတွင်း အင် အားအလုံးအရင်းဖြည့်ကာ အနီးတဝိုက်ရှိ သီတာကုန်းပြင်၊ နဂါးရစ်တောင်ကြောပတ်လည်ကို စစ်ကြောင်းများခွဲ၍စေလွှတ်မှုရှိသည်။

‎အဆိုပါစစ်ကြောင်းများနှင့် အမြောက်တပ်ကို ပတ်လည်ဝိုင်းထားသည့် AA တပ်ဖွဲ့များ မကြာခဏ ထိတွေ့တိုက် ပွဲများ ပြင်းထန်နေခဲ့ပြီး စစ်တပ်ဘက်မှ စစ်ကြောင်းထွက်သည့်အချိန်တွင် အစုလိုက် အပြုံလိုက် ထွက်ပြေးမှုများ ရှိနေသည်။

‎သေဆုံးနှင့် ဒဏ်ရာရလူနာများကိုလည်း အမိုးအုပ် စစ်သုံးဖောကားများဖြင့် ပုသိမ်သို့သယ်ဆောင်သွားပြီး ရွှေမြင်တင်မီးသဂြိုဟ်စက်နှင့် ပုသိမ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ- ၄ ကို ခွဲ့ပို့ထားကြောင်း သိရသည်။

‎ရေကြည် အမြောက်တပ်အတွင်းတွင် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်း များ၊ ကျုံပျော်ခလရ ၃၆၊ ဖျာပုံအခြေစိုက် ခလရ ၉၈၊ ဓနုဖြူအခြေစိုက် ခလရ ၁၀၈၊ တပ်မ ၆၆လက်အောက်ခံ ခလရ ၁၄၊ ဟင်္သာတ ခလရ၁၈ တပ်များအပြင် အခြားထုတ်နုတ်တပ်များလည်း ပို့ဆောင်ထားသည်။

ပုံစာ-အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)။