‎ဧရာဝတီတိုင်းမ်
‎မေ ၁၂ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ပြင်းထန်နေစဉ် ရွေးတု အစိုးရစစ်တပ်က စစ်အင်အား ထပ်မံဖြည့်တင်းမှုများ လုပ်ဆောင်လာပြီး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိထားသည့် အတို အပြတ် တပ်ဖွဲ့ဝင် ရာနှင့်ချီကို ပြန်လည်ခေါ်ထုတ်သွားကြောင်း သိရသည်။

ဖားကန့်၊ ကာမိုင်း-နန့်ယားလမ်းပိုင်းမှတစ်ဆင့် စစ်အင်အား ၃၀၀ ခန့်ကို ပြီးခဲ့သည့် မေလ ၇ ရက်မှ စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက်၊ မေလ ၁၀ ရက်တွင် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိထားသည့် တပ်ဖွဲ့ဝင်များကို စစ်သုံးကားကြီးများဖြင့် ပြန်လည်သယ်ထုတ်သွားခြင်း ဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

“ပြီးခဲ့တဲ့ ၂ ရက်က ကုဋေဘက်ကနေ ကားတွေဖြတ်သွားတာ တွေ့တယ်။ လုံးခင်းကနေ စစ်တပ်ရာနဲ့ချီပြီး ခွာသွားတယ်ဆိုတော့ ပြန်ဆုတ်ပြေးတယ် ထင်တာ။ တကယ်ကတော့ သူတို့က အင်အားသစ်ဖြည့်ပြီးမှ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရလို့ သုံးမရတော့တဲ့ ကျိုးကန်းပြတ်တောက် လူနာတွေကို ပြန်သယ် သွားတာပါ” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အသစ်ဝင်ရောက်လာသည့် စစ်ကြောင်းများသည် လုံးခင်းကျေးရွာအုပ်စုအတွင်း တပ်ဖြန့်ထားပြီး မှော်စီစာဘုန်းကြီးကျောင်းတွင်လည်း တပ်စွဲထားကြောင်း သိရသည်။ ယနေ့ မေ ၁၂ ရက်တွင် လုံးခင်းလမ်းဆုံ၌ ထောင်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း ဒေသခံများမှာ စစ်ရေးအခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြရသည်။

ထို့ပြင် လုံးခင်း၊ လယ်ပြင်ယမ်းချက်စက်ရုံဘက်တွင်လည်း စစ်ကြောင်းများရှိနေပြီး ဖားကန့်ဗျူဟာ ကုန်းမှ စစ်ကြောင်းများမှာလည်း နမ္မဖြစ်ဘုရားကျောင်းအတွင်းသို့ ဒရုန်း၊ လက်နက်ကြီးများဖြင့် အကာအကွယ်ယူ ပစ်ခတ်ကာ ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဖားကန့်-ကာမိုင်းလမ်းပိုင်းကို ယာယီပိတ်ထားကြောင်း ထုတ်ပြန်ထားသော်လည်း ရွေးတုအစိုးရစစ်တပ်က ယင်းလမ်းပိုင်းကိုပင် အသုံးပြုကာ အင်အား ဖြည့်တင်း မှုနှင့် လူနာသယ်ယူမှုများကို အဓိကလုပ်ဆောင်နေခြင်း ဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်