ဧရာဝတီတိုင်းမ်
မေ ၁၂ရက်
အာရက္ခတပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် ၃၁ ဦး လက်နက် များနှင့်အတူ အလင်းဝင်လာသည်ဟုဆိုကာ ရွေးတုအစိုးရက ပုသိမ်မြို့တွင် ဝါဒဖြန့်ပွဲတစ်ခု ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဧရာ၀တီတိုင်း၊ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ဧရာဝတီခန်းမတွင် မေ ၁၁ ရက်က ပြုလုပ်သည့် အဆိုပါပွဲ ရွေးတုအစိုးရ တိုင်းဝန်ကြီးချုပ်နှင့် စစ်တိုင်းမှူးတို့ တက်ရောက်ခဲ့ပြီး လက်နက်ချလာသူဆိုသူများကို ငွေကြေးများပေးအပ်ကာ မိသားစုထံ အပ်နှံသည့်ပုံစံဖြင့် ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်။

“တပ်မိသားစုဝင်တွေကို ပုံမှားရိုက်ပြီး အခမ်းအနား တက်ခိုင်းထားတာပါ။ အခုနောက်ပိုင်း အုံလိုက် ကျင်းလိုက် လက်နက်ချတာမျိုး မလုပ်နိုင်တော့ဘဲ လူအနည်းငယ်စီနဲ့ ဟန်ပြဝါဒဖြန့်လာတာ ဖြစ်ပါတယ်” ဟု ဧရာဝတီတော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရလက်အောက်ခံ သတင်းစာများတွင်မူ AA အဖွဲ့ဝင် ခုနစ် ဦးနှင့် PDF အဖွဲ့ဝင် ၂၄ ဦးတို့သည် စစ်တပ်၏ ငြိမ်းချမ်းရေးကို ယုံကြည်၍ ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့သည် တော်လှန်ရေးအဖွဲ့များ၏ မတရားဖမ်းဆီးခိုင်းစေမှုကို ခံရသူများဖြစ်ကြောင် ဖော်ပြထားသည်။ ထို့ပြင် MA-1 နှင့် M-22 မောင်းပြန်ရိုင်ဖယ် ငါး လက်အပါအဝင် ခဲယမ်းအချို့အတွက် ငွေကျပ် သိန်း ၃၄၀ ကျော် ပေးအပ်ခဲ့သည်ဟုလည်း ဆိုထားသည်။
စစ်အုပ်စုစစ်တပ်သည် ရခိုင်ပြည်နယ် တိုက်ပွဲများတွင် အကြီးအကျယ် အထိနာကာ တပ်ရင်းလိုက် လက်နက်ချခြင်းနှင့် အစုလိုက်အပြုံလိုက် ထွက်ပြေးနေရခြင်းများကို ဖုံးကွယ်ရန်အတွက် ယခုကဲ့သို့ ဝါဒဖြန့်ပွဲများကို ပြုလုပ်လာခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
ဓာတ်ပုံ-MOI