ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်က နောက်ဆုံးတင်ပြလာတဲ့ တန်ပြန်အဆိုပြုချက်ကို လုံးဝလက်ခံနိုင်စရာမရှိဘဲ ရူးနှမ်းတဲ့လုပ်ရပ်ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
ဒီအဆိုပြုချက်ကို အီရန်အစိုးရက ပါကစ္စတန်ကြားခံလူတွေကတစ်ဆင့် ပြီးခဲ့တဲ့အပတ် ပိတ်ရက် မှာ ဝါရှင်တန်ကို ပေးပို့ခဲ့တာပါ။
အပစ်အခတ်ရပ်စဲရေးဟာ အတော်လေးကို စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး အသက်ရှူစက် တပ်ထားရသလို မကြာခင် ပြိုကွဲသွားနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပါတယ်။
အီရန်ရဲ့ အဆိုပြုချက်ကို အမှိုက်လို့တောင် ၎င်းက တင်စားပြီး အဆုံးထိတောင် ဖတ်မကြည့်ဘူးလို့ ပြောပါတယ်။
အီရန်ခေါင်းဆောင်တွေကို မရိုးသားတဲ့လူတွေလို့ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီး ရပ်တည်ချက်တွေ ခဏခဏပြောင်းနေတယ်လို့ အပြစ်တင်ပေမဲ့ နိုင်ငံတကာ ဆက်ဆံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အများကြီး ဖြစ်နိုင်သေးတယ်လို့ ဆိုပါတယ်။
အီရန်တာဝန်ရှိသူတွေက သူတို့ရဲ့တောင်းဆိုချက်တွေဟာ လွန်လွန်ကဲကဲဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ်ဘာဂါယီက အမေရိကန်ဟာ တစ် ဖက်သတ်အမြင်တွေနဲ့ အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုချက်တွေကိုပဲ ဆက်ပြီးဆုပ်ကိုင်ထားတာဟာ စိတ် ပျက်စရာကောင်းတယ်လို့ ပြောပါတယ်။
အီရန်ရဲ့ အဆိုပြုချက်ဟာ လက်ဘနွန်အရေးအပါအဝင် ပဋိပက္ခတွေကို အဆုံးသတ်ဖို့၊ ပိတ်ဆို့မှု တွေကို ဖယ်ရှားပေးဖို့နဲ့ ထိန်းချုပ်ခံထားရတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်ထုတ်ပေးဖို့အပေါ်မှာပဲ အဓိကအာရုံစိုက်ထားတာလို့ သိရပါတယ်။
အီရန်အစိုးရဟာ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေလုပ်ဖို့ ကမ်းလှမ်းလာ တယ်လို့ Wall Street Journal က ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီသတင်းရင်းမြစ်တွေရဲ့ အဆိုအရ နျူကလီးယားဆိုင်ရာ ကိစ္စရပ်တွေကို နောက်လာမယ့် ရက် ပေါင်း ၃၀ အတွင်း ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အီရန်က အဆင့်မြင့်သန့်စင်ထားတဲ့ ယူရေနီယံအချို့ကို ပြန်လည်ကျဲပါးအောင်လုပ်ဖို့နဲ့ ကျန်တဲ့ယူ ရေနီယံတွေကို တတိယနိုင်ငံတစ်ခုဆီ လွှဲပြောင်းပေးပို့ဖို့ အဆိုပြုထားတယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; Trump: US-Iran ceasefire ‘on life support’