ဧရာဝတီတိုင်းမ်
(ရေး)၊ မေ ၁၂ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အခြေစိုက် ရွေးတုအစိုးရစစ်တပ် ခလရ-၁၀၆ တပ်ရင်းမှ ဒုတပ်ရင်းမှူး ထွန်းရာကျော်ကို မေလ ၁၁ ရက် ညနေပိုင်းတွင် ရေးဘီလူးတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ခလရ-၁၀၆ တပ်ရင်း၏ အရေးပါသူတစ်ဦးဖြစ်သည့် ဒုတပ်ရင်းမှူး ထွန်းရာကျော်သည် တပ်သား သုံး ဦးနှင့်အတူ Honda Fit မော်တော်ယာဉ်ဖြင့် တပ်ပြင်ပသို့ ထွက်လာစဉ် လမိုင်းမြို့ရဲစခန်းအထွက် မီတာ ၁၀၀ ခန့်အကွာတွင် ရေးဘီလူးအဖွဲ့က သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သူ့ရဲဘော်တွေ ကားပေါ်ကဆင်းသွားတဲ့အချိန်၊ သူ ကားထဲမှာ တစ်ယောက်တည်း ကျန်နေတဲ့အချိန်မှာ ကျွန်တော်တို့ အလစ်ငိုက် တိုက်ခိုက်ခဲ့တာပါ။ လမိုင်းမြို့ရဲစခန်းအထွက်နားမှာတင် ဒုရင်းမှူး ထွန်းရာ ကျော်ကို ပစ်ခတ်နိုင်ခဲ့တာဖြစ်ပါတယ်” ဟု ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်သို့ ပြောသည်။

“လမိုင်းမြို့ရဲစခန်းအထွက်နားလောက်မှာ ကျွန်တော်တို့ဒုရင်းမှူးထွန်းရာကျော်ကို ရေးဘီလူးတပ်ရင်းက ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်။ သူကတော့ဟွန်ဒါဖစ်ကားနဲ့လာတယ်။ သူ့ရဲဘော် သုံး ယောက်ပါတယ်။ သူ့ရဲဘော်တွေကားပေါ်ကဆင်းတဲ့အချိန် သူကကားထဲမှာတယောက်ထဲကျန်တဲ့အချိန်မှာ ကျွန်တော်တို့ အလစ်ငိုက်တိုက်ခိုက်ခဲ့တာပါ” ဟု ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒုတပ်ရင်းမှူး ထွန်းရာကျော်သည် သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်ခံရပြီး ဆေးရုံသို့ရောက်ရှိပြီးမှ သေဆုံးခြင်းဖြစ်ကာ လက်ရှိတွင်လည်း စစ်တပ်က ရေးမြို့နယ်ရှိစစ်ဆေးရေးဂိတ်များတွင် အင်အားတိုး ချထားခြင်း၊ မြို့ တွင်း စစ်ဆေးရေးတင်းကျပ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့ကလည်း ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်တွင် ခရီးသွားအမျိုးသမီး များကို မဖွယ်မရာ ပြုလုပ်စစ်ဆေးလေ့ရှိသည့် ပျူစောထီးခေါင်းဆောင် မောင်နိုင်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်သဖြင့် သေဆုံးခဲ့သည်။

ဓာတ်ပုံ – ရေးဘီလူး