နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်

 

အာဏာသိမ်းစစ်အုပ်စုက တပ်အင်အား လိုအပ်ချက်အတွက် အတင်းအဓမ္မ စုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း (ပစ) များအတွင်း ခွဲခြားဆက်ဆံခံရမှု၊ ထိခိုက်သေဆုံးမှုနှင့် ထွက်ပြေးမှုများကို ဖုံးကွယ်ရန်အတွက် လူငယ်အချို့ကို တာဝန်သက်တမ်းစေ့၍ အိမ်ပြန်ခွင့်ပြုသည်ဟုဆိုကာ ဝါဒဖြန့်မှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း သိရသည်။

 

ရွေးတုအစိုးရသည် အမှတ်စဉ် (၁) သင်တန်းဆင်း လူငယ်အချို့ကို အိမ်ပြန်ခွင့်ပြုသည်ဟု နေ့စဉ်ထုတ်ပြန်နေသော်လည်း အရေအတွက် အတိအကျကို ဖော်ပြခြင်းမရှိသလို ၎င်းတို့ကို အလုပ်အကိုင် အခွင့်အလမ်းနှင့် အကျိုးခံစားခွင့်များ ပေးအပ်နေသည်ဟု ဝါဒဖြန့်နေသော်လည်း ရှေ့တန်းတွင် သေဆုံးသူ၊ လက်နက်ချသူနှင့် ထွက်ပြေးသူများ၏ အခြေအနေကိုမူ ဖုံးဖိထားဆဲဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် အသက်သွင်း၍ ပြဋ္ဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းအမှတ်စဉ် (၁) သင်တန်းဆင်း ၅,၁၀၀ ဦးကျော်ရှိကာ ၎င်းတို့သည် ၂၀၂၆ ဧပြီ ၈ ရက်က စစ်မှုထမ်း သက် ၂ နှစ်ပြည့်ပြီဖြစ်သည်။

 

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ ထုတ်ပြန်ချက်အရ အမှတ်စဉ် (၁) ဆင်း လူငယ် ၃,၀၀၀ ကျော်မှာ ပျောက်ဆုံးနေကြောင်း သိရသည်။

 

ထို့ပြင် စစ်မှုထမ်းကာလ ၂ နှစ်ပြည့်သော်လည်း မိသားစုနှင့် အဆက်အသွယ်မရ၊ အိမ်ပြန်ခွင့်မရသူ အများအပြား ရှိနေသေးပြီး အိမ်ပြန်ခွင့်ရသူ အနည်းငယ်မှာလည်း လစာနှင့် ခံစားခွင့်များမရဘဲ မုန့်ဖိုးသဘောမျိုးသာ ရရှိကြကြောင်း နီးစပ်သူများထံမှ သိရသည်။

 

ဧရာဝတီတိုင်းတစ်ခုအတွင်း၌ပင် အမှတ်စဉ် (၁) မှ လူငယ် ၈၉၇ ဦးခန့် ပျောက်ဆုံးနေကြောင်း ပုသိမ်အထူးသတင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်မှုထမ်း အမှတ်စဉ် (၁)အတွက် ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ လူငယ် ၉၀၀ ခန့်ကို အဓမ္မ ခေါ်ယူခဲ့ရာတွင် လက်ရှိ သုံး ဦးသာ နေရပ်ပြန်ရောက်သေးသဖြင့် ကျန်ရှိသူများအတွက် မိသားစုဝင်များက ထိတ်လန့်စိုးရိမ်လျက်ရှိသည်။

 

တော်လှန်ရေးအင်အားစုများထံ ခိုလှုံလာသူများ၏ ထွက်ဆိုချက်အရ “ပစ” လူငယ်များကို ရှေ့တန်းစစ်မျက်နှာတွင် လူသားဒိုင်းသဖွယ် အသေခံ တက်ခိုင်းခြင်း၊ ဖိနှိပ်ခွဲခြားခြင်းများ ရှိနေကြောင်း သိရသည်။ သို့သော်လည်း အမည်ခံတပ်ချုပ်ကမူ နေပြည်တော်အစည်းအဝေးတွင် “ပစ” များကို ဖခင်စိတ်ဓာတ်၊ ညီအစ်ကိုစိတ်ဓာတ်ဖြင့် လက်တွဲခေါ်ယူရန် ဝါဒဖြန့် ပြောဆိုခဲ့သည်။

 

လက်တွေ့တွင်မူ တပ်သားသစ်စုဆောင်းရာ၌ သတ်မှတ်ငွေကြေး မပေးနိုင်သည့် အခြေခံလူတန်းစား လူငယ်များကိုသာ ပစ်မှတ်ထား၍ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို ရွေးတုအစိုးရက ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

 

ပုံစာ-ပြည်သူစစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) တက်ရောက်ရန် အဓမ္မစုဆောင်းခံရသူများကို ၂၀၂၄ မတ်လ အတွင်းက တွေ့ရစဉ်။