ဧရာဝတီတိုင်းမ်
နေပြည်တော်၊ မေ ၁၁ ရက်
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနှင့် စွာလမ်းဆုံမီးပွိုင့်အနီးရှိ အမှတ်၅ နယ်မြေရဲစခန်းနယ်မြေအတွင်း လေးကောင်ဂျင် လောင်းကစားရုံအား စစ်ကော်မရှင်တပ် အရာရှိအချို့နှင့် ပူးပေါင်းကာ အကြီးအကျယ် ဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လောင်းကစားရုံကို နေ့ ၁၂ နာရီဝန်းကျင်မှ နံနက် ၄ နာရီအထိ ဖွင့်လှစ်ထားပြီး လောင်းကစားရုံအတွင်း၌ အရက်ဆိုင်၊ စားသောက်ဆိုင်နှင့် ထမင်းဆိုင်များပါ ထည့်သွင်းထားကြောင်း သိရသည်။
ယခင်က ပျဉ်းမနား၊ လယ်ဝေး၊ ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိ မြို့နယ်များအတွင်း တိုင်ကြားမှုများ ရှိခဲ့ပြီး အရေးယူမှုများပြုလုပ်ခဲ့သော်လည်း ယခုလက်ရှိ လောင်းကစား နေရာကို ရွေးတုအစိုးရက အရေးယူမှုမရှိကြောင်း ဒေသခံများကပြောဆိုသည်။

“ဒီဝိုင်းတွေက တော်တော်လေးကို ဗြောင်ကျကျ လုပ်နေတာပါ။ သက်ဆိုင်ရာ အမှတ် (၅) နယ်မြေရဲစခန်းကော၊ နယ်မြေခံ စရဖ မိုးတိမ်နဲ့ ထွေအုပ်ဘက်က တာဝန်ရှိသူအချို့ပါ ပတ်သက်နေတယ်လို့ သတင်းထွက်နေတယ်” ဟု ရဲအရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နေပြည်တော် အမှတ် (၅) နယ်မြေရဲစခန်း၊ ဥတ္တရသီရိအပိုင် စရဖ (မိုးတိမ်)၊ စစ်ကော်မရှင်တပ်အရာရှိများနှင့် ငန်းစပ်ကျေးရွာနေ ထွေအုပ်ဝန်ထမ်း ကိုမျိုးချစ်တို့သည် အဆိုပါ လောင်းကစားဝိုင်းများထံမှ အပတ်စဉ် လိုင်းကြေးများရယူကာ အကာအကွယ်ပေးထားကြသည်ဟု မြို့ခံများကပြောသည်။
လောင်းကစားရုံကို ဥတ္တရသီရိ၊ ရွှေနံ့သာရပ်ကွက်နေ ဦးရန်နောင် (ခ) ဦးဖိုးကုလား၊ ဦးမင်းဇော် (ခ) ဦးသန်းဇော်၊ ငန်းစပ်ကျေးရွာနေ ဦးကိုမျိုးနှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်နေ ဦးကျော်ဇေယျ (ခ) ကျော်ကြီးတို့က ဦးဆောင်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် နယ်ဝေးများမှ လေးကောင်ဂျင်ဒိုင်ကြီးများဖြစ်ကြသည့် ဦးကြည်လွင်၊ ဦးကျော်သူ၊ ဦးမောင်ဇော်၊ ဦးအောင်ကို၊ ဦးရွှေဓါးနှင့် ဦးသိန်းသန်းမင်း တို့ကိုခေါ်ယူကာ ငွေကျပ် သိန်းရာထောင်ချီသည့် ဝိုင်းကြီးများအဖြစ် ကျင်းပနေခြင်းဖြစ်သည်။
အဆိုပါ လောင်းကစားရုံ တည်နေရာအား မြေပုံအညွှန်းများနှင့်တကွ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့ရုံးများအထိ ဒေသခံများက ထပ်မံတိုင်ကြားထားကြောင်း သိရသည်။