ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

သီလရှင်ဝတ်စုံဖြင့် အလှမယ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့မှုကြောင့် ဖမ်းဆီးအရေးယူခံထားရသည့် တာချီလိတ်ကိုယ်စားပြု အလှမယ်နှင့် ပွဲစီစဉ်သူများအား ပြစ်ဒဏ်စီရင်ပြီးကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိတွင် ရမန်ယူကာ စစ်ဆေးနေဆဲသာဖြစ်ကြောင်း Missosology Myanmar ဘက်က အတည်ပြုပြောဆိုထားသဖြင့် အချက်အလက်များ ကွဲလွဲမှု ရှိနေသည်။

ပြီးခဲ့သည့် မေ ၄ ရက်နေ့က Miss Grand Myanmar ပြိုင်ပွဲ၌ သီလရှင်ဝတ်စုံဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် အိမွန်လွင်၊ City Director ကိုသန့်ဇင်ဦး၊ ပွဲစီစဉ်သူ မရမ်ဆိုင်းနော်နှင့် ပွဲဖြစ်မြောက်ရေးတာဝန်ခံ မရမ်လုလုအောင်တို့ လေး ဦးအား ကျောက်တံတားမြို့မရဲစခန်းတွင် ဖမ်းဆီးထားခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့က ၎င်းတို့ကို ပြစ်ဒဏ်များ အသီးသီး ချမှတ်လိုက်ပြီဖြစ်ကြောင်း မီဒီယာအချို့ကို ဖြေကြားမှုများ ရှိနေသော်လည်း၊ Missosology Myanmar ကမူ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲသာဖြစ်ပြီး ရမန် ၁ ပတ် ယူထားခြင်းဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ သိထားတာတော့ အမိန့်ချပြီးပြီလို့ ကြားတယ်။ ဒါပေမဲ့ Miss အဖွဲ့ဘက်ကတော့ ရမန်ယူထားဆဲလို့ ပြောနေတော့ ကြားထဲမှာ ဘယ်လိုဖြစ်မယ်ဆိုတာ မပြောတတ်တော့ဘူး” ဟု အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆက်စပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံထားရသူများအနက် ပွဲတာဝန်ခံနှင့် စီစဉ်သူ နှစ် ဦးကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ ရပ်ကျေးဥပဒေ ပုဒ်မ ၂၆ တို့ဖြင့် အမှုဖွင့်ထားပြီး၊ အလှမယ်နှင့် City Director တို့ကိုမူ ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။ ၎င်းတို့ကို သက်ညှာစွာ ဆောင်ရွက်ပေးရန် ကချင်အနုပညာရှင်များ (ဗဟို) အဖွဲ့ကလည်း မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။

“သာညှိုးပုဒ်မလို့ အလွယ်ခေါ်ကြတယ်။ များသောအားဖြင့်တော့ဒီလိုအမှုတွေကမကြာဘူး။ ရက်ပိုင်းအတွင်းထောင်ချတာပဲ။ မကြာသေးခင်က နာမည်ကြီးသွားတဲ့ ကလေးကိုရိုက်တဲ့ဘုန်းကြီးအမှုဆိုရင်လည်း သာညှိုးနဲ့စွဲပြီး ရက်ပိုင်းအတွင်းမှာပဲ ထောင်ချလိုက်တယ်။ အခုကိစ္စကတော့ အဖွဲ့အစည်းဘက်က ညှိနှိုင်းဖို့ကြိုးစားနေသလားမသိဘူး” ဟု စစ်အုပ်စု၏ ထောင်ချခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) သည် အာမခံရနိုင်ခြင်းမရှိသည့် ပုဒ်မဖြစ်ပြီး အမှုစစ်ဆေးနေစဉ်အတောအတွင်း အကျဉ်းထောင်ထဲတွင်သာ နေရမည်ဖြစ်ပြီး ပုဒ်မ ၂၉၅(က) ကို အများဆုံး ထောင်ဒဏ် ၂ နှစ်သာ ချမှတ်ခွင့်ရှိတယ်လို့ ရာဇသတ်ကြီးတွင် ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် ဥပဒေကြောင်းအရ အမိန့်ချမှတ်ခြင်း ရှိ၊ မရှိ အခြေအနေအား ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်လက် စုံစမ်းအတည်ပြုလျက်ရှိသည်။

(အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မေ ၁၀ ရက်နေ့က ဧရာဝတီတိုင်းမ် အပါအဝင် မီဒီယာအချို့တွင် ပစ်ဒဏ်များ ချမှတ်လိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်အချို့ကို ကိုးကား၍ ဖော်ပြခဲ့သည်။ သို့သော်လည်း နောက်ဆုံးအချက်အလက်များအရ ၎င်းတို့ လေး ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲသာ ဖြစ်ကြောင်း Missosology Myanmar က အတည်ပြုထားသဖြင့် သတင်းအချက်အလက် ကွဲလွဲမှုများ ရှိနေခြင်း ဖြစ်သည်။ – အယ်ဒီတာအဖွဲ့)