ဧရာဝတီတိုင်းမ်
‎မေ ၁၁ ရက်

မိုးကြိုကာလ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပြီး လာမည့် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ မေ ၁၁ ရက်တွင် ထုတ်ပြန်သည်။

 

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းကမ်းလွန်တွင် အခြေပြုနေခြင်းဖြစ်ပြီး၊ မိုးဦးကာလဖြစ်သည့်အတွက် မုန်တိုင်းအန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်း မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“လေဖိအားနည်းရပ်ဝန်း စဖြစ်ပြီဆိုကတည်းက သတိထားရပါမယ်။ အားကောင်း၊ မကောင်းနဲ့ ဦးတည်ရွေ့လျားမယ့်နေရာ၊ မိမိဆီဦးတည်လာရင် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို သေချာသိရှိပြီး ကြိုတင်ကာကွယ်ထားမယ်ဆိုရင် ဘေးအန္တရာယ်ကို အများကြီး လျှော့ချနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

 

ယင်းလေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်နီ၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၅ ပေမှ ၇ ပေခန့်အထိ ရှိနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။