ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နယ်၊ ပန်းတောင်းတပ်နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ် ဘက်မှ အထိနာနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၄ ရက်မှ မေ ၇ ရက်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ရွေးတုအစိုးရစစ်တပ်ဘက်မှ ဒါဇင်နှင့်ချီ သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူများကို ပြည်မြို့သို့ လူနာတင်ယာဉ်များဖြင့် အရေးပေါ် ပို့ဆောင်နေရသည်။

အထူးသဖြင့် မေ ၇ ရက်နေ့ လေသာတောင်အနီး တိုက်ပွဲတွင် သေဆုံးအလောင်းများကို ဆွဲခေါ်သွားခဲ့ရပြီး ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ် လေးစီးဖြင့် ပြည်မြို့သို့ အစုန်အဆန် သယ်ယူခဲ့ရကြောင်း ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ရေးအခြေအနေ ဆိုးရွားနေသည့်အတွက် ဆင်လန်စခန်းသို့ စစ်ကူပို့ရမည့် ဒတရ ၆၀၁ ဒုံးတပ်ရင်းမှ ဗိုလ်မှူးတစ်ဦး ထွက်ပြေးသွားသဖြင့် ဥသျှစ်ပင်အနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၅ မှ ဗိုလ်မှူးနှင့်အဖွဲ့ကို အစားထိုး အင်အားဖြည့်ရန် ပြင်ဆင်နေရသည်။

ရွေးတုအစိုးရစစ်တပ်သည် အထိနာသွားသည့် ဆင်လန်စခန်းနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၆ တပ်ရင်းများသို့ စစ်ယာဉ်တန်း ငါး စီးဖြင့် အင်အားဖြည့်တင်းခဲ့ပြီး ဆင်လန်စခန်းအနောက်ဘက်တွင် လက်နက်ကြီးစခန်း အခိုင်အမာတည်ဆောက်ကာ ညောင်ကျိုးစခန်းဘက်သို့ စစ်ကြောင်းထိုးရန် စီစဉ်နေသည်။

ထို့အပြင် ညောင်ခြေထောက်အခြေစိုက် ကပစ ၆ အတွင်းသို့လည်း စစ်ယာဉ်တန်း အစီး ၄၀ ဖြင့် အင်အားဖြည့်တင်းထားကာ ညောင်ကျိုး၊ ဆင်လန်နှင့် ပုဂံကွဲစသည့် ဒေသများသို့ အင်အားဖြန့်ကျက်ရန် ရည်ရွယ်နေကြောင်း သိရသည်။

လတ်တလောတွင် ကပစ ၁၆ ၏ ကာကင်းစခန်းများဖြစ်သော ပွိုင့် ၅၀၆၊ ပွိုင့် ၂၆၈ နှင့် ပွိုင့် ၅၃၅ စခန်းများကို AA က ထိုးစစ်ဆင်နေသည်။ တိုက်ပွဲ ၃ ရက်အတွင်း စစ်အုပ်စုဘက်မှ အယောက် ၂၀ ခန့် သေဆုံးခဲ့ပြီး လေလာတိုက်ပွဲတစ်ခုအတွင်း၌ပင် ၁၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)