‎ဧရာဝတီတိုင်းမ်
‎မေ ၁၁ရက်

အာရက္ခတပ်တော် (‎AA) က ကူညီစောင့်ရှောက်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ထံကို တရားဝင်လွှဲပြောင်းပေးအပ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

‎မြန်မာနှင့် ဘင်္ဂလားဒေ့ နှစ်နိုင်ငံရေပိုင်နက်တွင် AA က ကူညီထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို ပြီးခဲ့သည့် မေ ၉ရက်နေ့က လွှဲပြောင်းပေးခဲ့ပြီးနောက် တက်ကနက်ဆိပ်ကမ်းမှတစ်ဆင့် မိသားစုထံပြန်ပို့ခဲ့ကြောင်း သိရသည်။

‎လွှဲပြောင်းပေးခဲ့သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအနက် ၁၀ဦးမှာ ငါးဖမ်းစက်လှေ ချို့ယွင်းပြီးနောက် AA က ကူညီခေါ်ယူထားခြင်းဖြစ်ပြီး ကျန် လေးဦးမှာ ရွေးတုအစိုးရ စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ် မြောက်လာသူများဖြစ်သည်။

‎ဘင်္ဂလားဒေ့ရှ်မီဒီယာအချို့ကလည်း ယခုပြန်လွှဲပြောင်းပေးခံရသူများမှာ မတ်လ နောက်ဆုံးအပတ်က စိန့်မာတင်ကျွန်းအနီး ငါးဖမ်းနေသည့်သူများဖြစ်ပြီး AAက ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှဲပေးခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

‎နယ်ခြားစောင့်တပ် BGB နှင့် AA၏ ဆက်ဆံရေးမှာ ကောင်းမွန်ထိရောက်သည့်အခြေအနေတွင်ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများလွှဲပြောင်းမှုတွင်လည်း စကားပြန်များမှတစ်ဆင့် ပြောဆို ဆွေးနွေးကြသည့် ရုပ်သံများပါ မီဒီယာများတွင်ဖြန့်ဝေထားသည်။

‎ပြီးခဲ့သည့် မေ ၁ရက်နေ့ကလည်း AA ထိန်းချုပ်ထားသည့် မောင်တော ကညင်ချောင်း စီးပွားရေးဇုန် ဆိပ်ကမ်းမှ ကုန်စည်စက်လှေတစ်စီး တက်ကနက်ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- APM