ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားမြို့တွင် အဆင့်မြင့်သေနတ်များနှင့် ပြင်းအားမြင့်ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ်ရှိနေသည့်တရုတ်နိုင်ငံသားအမှုနှင့် ဆက်စပ်၍ သံသယရှိသူ သုံး ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
တရားမဝင် လက်နက်ထောက်ပံ့ရေးကွန်ရက်နှင့် ဆက်စပ်၍ ဖမ်းဆီးခံရသူ သုံး ဦးအနက် တစ်ဦးမှာ ထိုင်းရေတပ်မှ တာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦးဖြစ်ပြီး အခြားစစ်တပ်အရာရှိတစ်ဦးနှင့် အငြိမ်းစား စစ်မှုထမ်း ဟောင်းတစ်ဦးတို့ကိုလည်း စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

တော်ဝင်ထိုင်းရေတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ပါရတ် ရတနာချိုင်ယာဖန် က “ရေတပ်အနေနဲ့ ဘယ်သူ့ကိုမှ ကာကွယ်ပေးမှာမဟုတ်ဘဲ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိရင် ဥပဒေအရ အရေး ယူသွားမှာပါ။ စုံစမ်းစစ်ဆေးမှုမှာလည်း ရဲတပ်ဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းသွားမှာပါ” ဟု ပြောဆိုခဲ့သည်။
အလားတူ ဘန်ကောက်ရှိ တရုတ်သံရုံးကလည်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးတွင် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရာဇဝတ်မှုကျူးလွန်သည့် တရုတ် နိုင်ငံသားများကို ကာကွယ်ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါလက်နက်များကို ပြီးခဲ့သည့် မေ ၈ ရက်နေ့က ချွန်ဘူရီခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် ကားမတော် တဆမှုတစ်ခုမှတစ်ဆင့် စတင်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းကားပေါ်တွင် ပါဝင်သည့် တရုတ် နိုင်ငံသား Ming Chen San ထံမှ ချေမှုန်းရေးရိုင်ဖယ်များ၊ ကျည်ဆံများနှင့် ပြင်းအားမြင့် ဖောက်ခွဲရေးပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား – Bangkok Post