ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့်အပါအဝင် အဖွဲ့၏ ယန္တရားများနှင့် လှုပ်ရှားမှုများအတွက် နှစ်စဉ်ကြေးများ ပေးသွင်းနေသော်လည်း လက်ရှိတိုင် ချန်လှပ်ဖယ်ကြဉ်ခံနေရပြီး ခွဲခြားဆက်ဆံမှု၊ ဖိအားပေးမှုများ ပြုလုပ်ခံနေရဆဲဖြစ်ကြောင်း အာဏာသိမ်း ရွေးတုအစိုးရက ညည်းညူပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ရွေးတုသမ္မတနှင့် ၎င်းတို့၏ ဝန်ကြီးများ တက်ရောက်ခွင့် မရရှိခဲ့မှုအပေါ် မေ ၁၀ ရက် ညပိုင်းတွင် ရွေးတုအစိုးရက ထိုသို့ ထည့်သွင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံရဲ့ ယန္တရားတွေနဲ့ လှုပ်ရှားမှုတွေအတွက် နှစ်စဉ်ထည့်ဝင်ငွေတွေ ပေးဆောင် ခြင်းအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံရဲ့ တာဝန်ဝတ္တရားတွေကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက် လျက်ရှိပါတယ်” ဟု ရွေးတုအစိုးရက ၎င်းတို့၏ ဝါဒဖြန့်ချိရေးစာမျက်နှာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစတင်ကာ အာဆီယံအဖွဲ့ဝင် ဖြစ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် နိုင်ငံ့ခေါင်း ဆောင်များကို မတရားဖမ်းဆီးကာ အာဏာသိမ်းခဲ့မှုကြောင့် ရွေးတုအစိုးရ (ခ) စစ်အုပ်စုအပေါ် အာဆီယံက ကန့်သတ်ချက်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကန့်သတ်ချက်သည် ရွေးတုသမ္မတ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နောက်ဆုံးတက်ရောက် ခွင့်ရခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ ထိပ်သီးအစည်းအဝေးတွင် ချမှတ်ခဲ့သော ဘုံသဘောတူ ညီချက် ၅ ရပ် ဖြစ်သည်။

သို့သော်လည်း စစ်အုပ်စုသည် ထိုအချိန်မှစတင်ကာ ဘုံသဘောတူညီချက်များကို ထိရောက်စွာ အကောင် အထည်ဖော်ခြင်း မရှိခဲ့ဘဲ နိုင်ငံတကာအား လှည့်ဖြားရန် ရည်ရွယ်ကာ ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲကို တစ်ဖက်သတ် ပြုလုပ်၍ “အရပ်သားအစိုးရ” အဖြစ် ဟန်ဆောင် ဝါဒဖြန့်မှုများ လုပ်ဆောင်လျက်ရှိသည်။

“လွန်ခဲ့တဲ့ (၅) နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံ မှုတွေ ပြုလုပ်ခဲ့ပေမဲ့ မြန်မာနိုင်ငံအနေနဲ့ စိတ်ရှည်သည်းခံပြီး အဖွဲ့ဝင်နိုင်ငံရဲ့ တာဝန်ဝတ္တရားတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ခဲ့တယ်” ဟု ရွေးတုအစိုးရက ဝါဒဖြန့်ဆိုထားသော်လည်း လက်တွေ့တွင်မူ အာဆီယံ၏ ဘုံသဘောတူညီချက်များကို လိုက်နာရန် ပျက်ကွက်နေဆဲဖြစ်ကြောင်း တွေ့ရသည်။

ထို့အပြင် ခွဲခြားဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်နေခြင်းသည် မဲပေးထားသည့် ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုရာရောက်သည်ဟု မဟုတ်မမှန် ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ စစ်မှု ထမ်းရန်အတွက် ပြည်သူများကို ပေါ်တာဆွဲခြင်း၊ အတင်းအကျပ် ဖမ်းဆီးခြင်းများ လုပ်ဆောင်လျက် ရှိသည်။

အာဏာသိမ်းပြီးနောက် ပြုလုပ်သည့်ရွေးကောက်ပွဲမှာလည်း ရွေးတုအစိုးရ ဝါဒဖြန့်သလို မဟုတ်ဘဲ ၎င်းတို့၏ လူယုံများနှင့် ကြောက်လန့်၍ မဲပေးသူအချို့သာဖြစ်ပြီး ပြည်သူများအပါအဝင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာက လက်မခံကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်ကို တွေ့ရသည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာခြင်းမရှိသည့် ရွေးတုအစိုးရကမူ ၎င်းတို့ကို ဝေဖန်ဖိအားပေးနေသည့် အာဆီယံနိုင်ငံများသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ အာဆီယံ ပဋိညာဉ်ပါ အခြေခံမူများကို ဖောက်ဖျက်နေသည်ဟု စွပ်စွဲထားသည်။

၎င်းတို့အနေဖြင့် မိမိနိုင်ငံနှင့်ကိုက်ညီသော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်သာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အာဆီယံအဖွဲ့အား တုံ့ပြန်ထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်