ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ၈ လကြာ အကျဉ်းကျခံရပြီးနောက် ခံဝန်ဖြင့် ယနေ့ မေ ၁၁ ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း Thai PBS သတင်းတွင် ဖော်ပြ ထားသည်။
ဘန်ကောက်မြို့၊ ကျတုချက်ခရိုင်ရှိ ကလောင်ပရမ် ဗဟိုအကျဉ်းထောင်ရှေ့တွင် သက်ဆင်၏ မိသားစုဝင်များနှင့်အတူ အနီရောင်အင်္ကျီများ ဝတ်ဆင်ထားသည့် ထောက်ခံသူအများအပြားက ကြိုဆိုရန် စုရုံးရောက်ရှိနေကြသည်။

သမီးဖြစ်သူ ပေထုန်တန် အပါအဝင် သားသမီး၊ မြေးမြစ်များနှင့် ထောက်ခံသူများက အကျဉ်းထောင် ရှေ့တွင် စောင့်ဆိုင်းကြိုဆိုခဲ့ကြပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ခံဝန်စည်းကမ်းချက်များအတိုင်း အီလက်ထရွန်နစ် ခြေချုပ် တပ်ဆင်ကာ နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မစ္စတာ သက်ဆင် ရှင်နာဝပ်သည် ဝန်ကြီးချုပ်သက်တမ်းအတွင်း အာဏာအလွဲသုံးစားမှု၊ အကျိုးစီးပွား ပဋိပက္ခမှုများဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသော်လည်း ဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ် ၁ နှစ်သို့ လျှော့ပေါ့ပေးခြင်း ခံခဲ့ရသည်။

ယခုအခါတွင် ၎င်း၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအရ ခံဝန်ဖြင့် ပြန်လည်လွတ်မြောက် လာခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကား – Thai PBS
ဓာတ်ပုံ – Thai PBS