ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မေ ၁၀ ရက်)

ကမ္ဘာတစ်ဝန်းမှာ အမျိုးသမီးတွေ ယုံကြည်စိတ်ချစွာ အသုံးပြုနေကြတဲ့ ရေရှည်ခံ သန္ဓေတားနည်း လမ်းတစ်ခုကတော့ သားအိမ်အတွင်းထည့် သန္ဓေတားပစ္စည်း (Intrauterine Device – IUD) ဖြစ်ပါတယ်။ သန္ဓေတားနည်းလမ်း အသုံးပြုနေသူတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်က IUD ကို သဘောကျ နှစ်သက်ပြီး ရွေးချယ်အသုံးပြုကြပါတယ်။

IUD ဆိုတဲ့ ဒီပစ္စည်းလေးက သေးငယ်ပြီး “T” ပုံသဏ္ဌာန်ရှိကာ သားအိမ်အတွင်းထဲမှာ ထည့်သွင်း ထားရတာ ဖြစ်ပါတယ်။

🟥IUD အမျိုးအစား (၂) မျိုး

၁။ ကြေးနီ IUD (Copper IUD)

-ဒီပစ္စည်းကနေ ထွက်လာတဲ့ ကြေးနီဓာတ်ဟာ သုတ်ပိုးတွေကို သားဥဆီ မရောက်အောင် ဟန့်တား ပေးပါတယ်။ သုတ်ပိုးတွေရဲ့ လှုပ်ရှားမှုကို ပျက်စီးစေတဲ့အတွက် သန္ဓေမအောင်အောင် တားဆီး ပေးတာပါ။

၂။ ဟော်မုန်းပါဝင်သော IUD (Hormonal IUD)

သူကတော့ “Progestin” ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းဟာ သားအိမ်ဝက အကျွဲရည် ကို ပျစ်စေပြီး သုတ်ပိုးတွေ ဝင်မလာအောင် တားဆီးသလို၊ သားအိမ်နံရံကို ပါးလွှာစေပြီး သန္ဓေမတွယ် အောင် လုပ်ဆောင်ပေးပါတယ်။

🟥IUD ကို ဘယ်လောက်ကြာကြာ သုံးလို့ရလဲ

IUD ရဲ့ အဓိက အားသာချက်ကတော့ တစ်ခါထည့်ထားရုံနဲ့ နှစ်ရှည်ခံတာ ဖြစ်ပါတယ်။ ကြေးနီ IUD ဆိုရင် အမျိုးအစားပေါ်မူတည်ပြီး ၅ နှစ်ကနေ ၁၀ နှစ်အထိ ခံပါတယ်။ ဟော်မုန်း IUD ကတော့ ၃ နှစ် ကနေ ၅ နှစ် (အချို့ဆို ၈ နှစ်အထိ) ခံပါတယ်။

🟥IUD ရဲ့ ကောင်းကျိုးများ

သန္ဓေတားနိုင်စွမ်း အလွန်မြင့်မားပြီး ကိုယ်ဝန်တားနိုင်စွမ်း ၉၉ ရာခိုင်နှုန်းကျော် ရှိပါတယ်။နေ့တိုင်း ဆေးသောက်စရာမလို၊ ၃ လတစ်ခါ ဆေးထိုးစရာမလိုတာကြောင့် မေ့သွားမှာကို စိုးရိမ်စရာမရှိပါဘူး။ ကလေးပြန်လိုချင်တဲ့အခါ ပစ္စည်းပြန်ထုတ်လိုက်တာနဲ့ ကိုယ်ဝန်ချက်ချင်း ပြန်ရနိုင်ခြေ ရှိပါတယ်။

🟥IUD ရဲ့ ဘေးထွက်ဆိုးကျိုးများ

ကြေးနီ IUD ထည့်ထားတဲ့ အစောပိုင်းလတွေမှာ ရာသီ(မမ္မတာ) လာတာ များတာ၊ ဗိုက်အနည်းငယ် ပိုအောင့်တာမျိုး ဖြစ်နိုင်ပါတယ်။ ရာသီလာတာ နည်းသွားတာ ဒါမှမဟုတ် လုံးဝရာသီမလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။ IUD ထည့်ပြီးစ ပထမ ၃ လကနေ ၆ လအတွင်းမှာ ဓမ္မတာလာရက်မဟုတ်ဘဲ သွေးစအနည်းငယ် ဆင်းတာမျိုး ရှိတတ်ပါတယ်။

🟥ဘယ်သူတွေ ရွေးချယ်သုံးစွဲသင့်သလဲ

ကလေးတစ်ယောက်နဲ့ တစ်ယောက် ကြားဝေးဝေးခြားလိုသူတွေ၊ နေ့စဉ် သန္ဓေတားဆေးသောက်ဖို့ မေ့တတ်သူတွေ၊ အမျိုးသမီးဟော်မုန်း အီစထရိုဂျင် (Estrogen) နဲ့ မတည့်တဲ့ အမျိုးသမီးတွေ (ကြေးနီ IUD ကို ရွေးချယ်နိုင်ပါတယ်)။ နို့တိုက်မိခင်တွေလည်း စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

🟥သန္ဓေတားရုံတင်မကတဲ့ အကျိုးကျေးဇူးများ

ဟော်မုန်းပါတဲ့ IUD အသုံးပြုတာက ရာသီလာစဉ် ကိုက်ခဲမှုကို လျော့နည်းစေခြင်း၊ ရာသီသွေး အလွန်အကျွံဆင်းခြင်းကို သက်သာစေခြင်းနဲ့ သားအိမ်ကင်ဆာ၊ သားအိမ်နံရံထူတဲ့ ရောဂါဖြစ်ပွားမှုကို လျော့နည်းစေတဲ့ အပိုဆောင်းကောင်းကျိုးတွေ ရနိုင်ပါတယ်။

🟥ဘယ်လိုထည့်ရမလဲ

IUD ကို မိမိဘာသာ ထည့်လို့မရပါဘူး။ ကျွမ်းကျင်တဲ့ ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမတွေနဲ့ ဆေးရုံဆေးခန်းတွေမှာပဲ ထည့်သွင်းရပါမယ်။ သာမန်အားဖြင့် ဆေးခန်းပြခန်း (Procedure room) ထဲမှာတင် မိနစ်အနည်းငယ်အတွင်း ထည့်လို့ရပါတယ်။ ပုံမှန်အားဖြင့် ခွဲစိတ်ခန်းဝင်ဖို့ မလိုသလို ထုံဆေးမေ့ဆေးလည်း မလိုတတ်ပါဘူး။

🟥ခွဲစိတ်မွေးဖွားစဉ် (LSCS) တစ်ခါတည်းထည့်ခြင်း (PPIUD)

ကလေးနဲ့ အချင်း မွေးထွက်သွားပြီးနောက် သားအိမ်ကို ပြန်မချုပ်ခင်မှာတင် IUD ကို တစ်ခါတည်း ထည့်သွင်းတာကို PPIUD (Postpartum IUD) လို့ ခေါ်ပါတယ်။ ဆေးခန်းထပ်သွားစရာမလိုလို့ အချိန်ကုန်သက်သာစေသလို၊ ဆရာဝန်က သားအိမ်ကို မျက်စိနဲ့ တိုက်ရိုက်မြင်နေရတာကြောင့် သားအိမ်ဖောက်ထွက်နိုင်ခြေ (Perforation Risk) ဟာလည်း အလွန်နည်းပါးပါတယ်။

🟥IUD ရဲ့ အခြားအားသာချက်များ

တစ်ကြိမ်ထည့်ရင် နှစ်အကြာကြီး ခံတဲ့အတွက် ရေရှည်မှာ ဆေးသောက်၊ ဆေးထိုးတာထက် ကုန်ကျ စရိတ် အသက်သာဆုံး ဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိနေတာကို မပြောပြသရွေ့ ဘယ်သူမှ သတိမပြုမိနိုင်ပါဘူး။ လူကြောင့်ဖြစ်တဲ့ အမှား (Human error) မရှိတဲ့အတွက် စိတ်အချရဆုံး ဖြစ်ပါတယ်။

IUD က သားအိမ် “အတွင်းထဲ” မှာ ရှိနေတာဖြစ်လို့ ဆက်ဆံစဉ်မှာ နာကျင်တာမျိုး မရှိပါဘူး။ IUD မှာပါတဲ့ ပါးလွှာတဲ့ နိုင်လွန်ကြိုးစလေးတွေကို အမျိုးသားအဖော်က တစ်ခါတရံ ခံစားမိနိုင်ပေမယ့် နာကျင်တာမျိုး မရှိဘဲ ကြာလာရင် ဒီကြိုးလေးတွေက သားအိမ်ဝမှာ ကပ်သွားတတ်ပါတယ်။ အကယ်၍ အမျိုးသားက ကြိုးစ‌ကြောင့်ထိ‌တွေ့မှု အဆင်မပြေဘူးဆိုရင် ဆရာဝန်ပြပြီး ကြိုးကို အနည်းငယ် တိုအောင် ပြန်ညှိလို့ ရပါတယ်။

IUD ဟာ ကိုယ်ဝန်ကို အကောင်းဆုံး တားဆီးပေးနိုင်ပေမယ့် လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ (STIs) တွေကိုတော့ မတားဆီးနိုင်ပါဘူး။

🟥ပုံမှန်ရှိမရှိဘယ်လိုစစ်မလဲ

▪️ကိုယ်တိုင်စစ်ဆေးခြင်း (Self-check)
-လစဉ် ရာသီလာပြီးတိုင်း မိန်းမကိုယ်ထဲ လက်ချောင်းထည့်သွင်းပြီး သားအိမ်ဝနားမှာ IUD ကြိုးလေး ရှိမရှိ စမ်းသပ်နိုင်ပါတယ်။ ကြိုးစစမ်းမရရင် ဒါမှမဟုတ် ကြိုးက အရမ်းရှည်ထွက်လာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

▪️ဆေးဘက်ဆိုင်ရာစစ်ဆေးခြင်း
-ဆရာဝန်က ကိရိယာသုံးပြီး ကြည့်ရှုပေးတာမျိုး ဒါမှမဟုတ် အသေချာဆုံးနည်းလမ်းဖြစ်တဲ့ တီဗွီ ဓာတ်မှန် (Ultrasound) ရိုက်ကြည့်ပြီး နေရာအတိအကျ ရှိမရှိ စစ်ဆေးနိုင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် IUD ထည့်ဖို့ စဉ်းစားနေတယ်ဆိုရင် မိမိနဲ့ သင့်တော်မယ့် အမျိုးအစားကို သိရအောင် ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ အသေးစိတ် တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းလိုပါတယ်။

နောက်တစ်ပတ်မှာတော့ “ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံသင့်သလား” ဆောင်းပါးကို တင်ဆက် ပေးမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမ် ပရိသတ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံကြပါစေ။