‎ဧရာဝတီတိုင်းမ်
‎မေ ၁၀ ရက်

‎ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရွေးတုအစိုးရစစ်တပ်၏ ဖားကန့်ဗျူဟာကုန်းမှ စစ်ကြောင်းသည် နမ္မဖြစ်ကျေးရွာကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ပြီး ဝင်ရောက်လာကြောင်း သိရသည်။

ဖားကန့်ဗျူဟာကုန်းမှ စစ်ကြောင်းများ၏ ရှေ့ပြေး ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ‎ယနေ့ မေ ၁၀ရက်၊ နေ့လယ် ၂ နာရီခန့်တွင် ဖားကန့်အဝင်အနီးရှိ စားသောက်ဆိုင်တစ်ခု ပေါ်ဗုံးကျရောက် သည့်အတွက် ဒေသခံတစ်ဦးသေဆုံးပြီး ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

‎”စစ်တပ်က‌ကောင်တွေ ဘုရားကျောင်းမှာ ၃ ရက်တပ်စွဲမယ်ပြောတယ်။ လေ‌ယာဉ်ဗုံးကြဲသွားတဲ့ ကုဋေဘက်မှာတော့ ည ၈၊ မနက် ၆ အပြင်မထွက်ဖို့ တားထားတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎အဆိုပါစစ်ကြောင်းသည် နမ္မဖြစ် COCဘုရားကျောင်းတွင် ယာယီတပ်စွဲနေထိုင်မည်ဖြစ်ပြီး ပတ်ဝန်း ကျင်အနီးအနားတွင် သတင်းမထွက်‌စေရန် ပိတ်ဆို့တားမြစ်ထားကြောင်း ဒေသခံ သတင်းရင်းမြစ် များထံမှ သိရသည်။

‎ရွေးတုအစိုးရစစ်တပ်က ဖားကန့်ကို ပြီးခဲ့သည့် မေ ၈ ရက်နေ့ကတည်းက လေကြောင်း တိုက်ခိုက် မှုများပြုလုပ်ထားပြီး လေကြောင်းအကူအညီဖြင့် လုံးခင်းကျေးရွာ အုပ်စုအတွင်း နယ်မြေရှင်းလင်းရေး ထွက်သည့်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ သုံးဦးသေဆုံးပြီး လက်နက်များပါ KIA က သိမ်းဆည်းရရှိခဲ့သည်။

‎ပြီးခဲ့သည့် မေ ၄ရက်က စတင်ခဲ့သည့် လုံးခင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ နှစ်ဒါဇင်ခန့် သေဆုံးထားပြီး ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူများ ဆက်တိုက်ပေးနေကာ လေကြောင်းတိုက်ခိုက် မှုများပါပြုလုပ်ထားသည်။

‎‌ရွေးတုအစိုးရစစ်တပ်သည် ထောင်မိုင်း၊ လက်နက်ကြီးနှင့် လေကြောင်း၊ ဒရုန်းတို့ဖြင့် ပစ်ခတ်နေ၍ အရပ်သားသေဆုံးထိခိုက်မှုများရှိနေပြီး ၎င်းတို့၏ တပ်ဖွဲ့ဝင်များသည် လမ်းပိတ်ဆို့ကာ ပစ္စည်းလု ငွေညှစ် ရိုက်နှက်မှုများလည်း ရှိနေသည်။