‎ဧရာဝတီတိုင်းမ်
‎မေ ၁၀ရက်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာ မဘိမ်းမြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

ငါးအိုးအခြေစိုက် ခလရ-၁၂၁ မှ ထွက်လာသည့် စစ်ကြောင်းနှင့် KIA တို့သည် ယမန်နေ့ မေလ ၉ ရက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ရွေးတုအစိုးရစစ်တပ်ဘက်မှ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

‎ငါးအိုး ခလရ ၁၂၁မှထွက်လာသည့်စစ်ကြောင်းနှင့် KIAတို့ ယမန်နေ့ မေ ၉ရက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ရွေးတုအစိုးရစစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“မနေ့က(မေ-၉)အထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ စစ်တပ်က လက်နက်ကြီး အပြင်းအထန် ပစ်နေတာ။ ဒရုန်းတွေနဲ့လည်း တိုက်ခိုက်တယ်ကြားတယ်။ ရွာ ခြောက်ရွာကျော်လောက်က ပြည်သူတွေ ထွက်ပြေးနေရတယ်” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် မေလ ၅ ရက်က မဘိမ်းမြို့နယ်၊ သုံးခွရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ မေလ ၆ ရက်တွင်လည်း ငို့စင်ရွာနှင့် မေလ ၈ ရက်တွင် နောပြည်သာရွာတို့ကို ဒရုန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရွေးတုစစ်တပ်သည် ငါးအိုး ခလရ-၁၂၁ အတွင်းသို့ အင်အားအလုံးအရင်း ဖြည့်တင်းထားပြီး မဘိမ်းနှင့် ရွှေကူနယ်မြေများသို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ ထို့အပြင် မိုးမိတ်မြို့အတွင်း၌လည်း အင်အား ၁,၀၀၀ ခန့် ပို့ဆောင်ထားကာ မဘိမ်းနှင့် ဗန်းမော်ဘက်သို့ စစ်ကူပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

အလားတူ ရွှေကူမြို့နယ်အတွင်း၌လည်း မေလ ၂ ရက်မှစ၍ တိုက်ပွဲပြင်းထန်နေပြီး ရွေးတုအစိုးရစစ်ကြောင်းများမှာ စင်ခန်းအထိ ထိုးဖောက်နိုင်ခြင်းမရှိဘဲ အထိနာသေဆုံးမှု များပြားကာ စစ်ကြောင်းတန့်နေကြောင်း သိရသည်။

မဘိမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သဖြင့် ဒေသခံများ စစ်ရေးသတိရှိရန်နှင့် ကြိုတင်တိမ်းရှောင်ကြရန် KIA က နှိုးဆော်ထားသလို၊ ရွှေကူနယ်အတွင်း၌လည်း စစ်တပ်အနီး မနေထိုင်ကြရန် ရွှေကူ PDF က သတိပေးထားသည်။

ပုံစာ-KIA (ပုံဟောင်း)