ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်များကို ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်က နေရာအနှံ့ အချိန်ကိုက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ကြောင်း သိရသည်။
လဲဘူးကျေးရွာမှ ထွက်ခွာလာသည့် စစ်အုပ်စုစစ်ကြောင်းကို မေလ ၈ ရက် နံနက် ၈ နာရီ ၁၆ မိနစ်တွင် သပွတ်ပင်ရွာနှင့် ကျောက်အိုးရွာအကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်မှ အထိနာပြီး ကျောက်အိုးရွာသို့ ရောက်ရှိချိန်တွင် ချက်ချင်းပြန်လည်ဆုတ်ခွာ သွားခဲ့ရသည်။
ထိုနေ့ နံနက် ၁၀ နာရီကျော်တွင်လည်း လျှော်ချောင်းလေးရွာမှ ထွက်ခွာလာသည့် အခြားစစ်ကြောင်း တစ်ခုကို ထန်းပင်မျှောင်နှင့် ကန်သာရွာအကြား၌ ၂ ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ အဆိုပါစစ်ကြောင်းသည် ထိခိုက်ဒဏ်ရာရသူ များပြားသဖြင့် ကန်သာကျေးရွာ၌ တပ်စွဲနားနေခဲ့ ရကြောင်း သိရသည်။
စစ်အုပ်စုသည် ၎င်းတို့ဘက်မှ ဒဏ်ရာရရှိသူများကို ပို့ဆောင်ရန်အတွက် ကျေးရွာများမှ ကား နှစ် စီးကို အဓမ္မသိမ်းယူ၍ နတ်မောက်မြို့သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
ညနေ ၆ နာရီဝန်းကျင်တွင် အဆိုပါကား နှစ် စီးကို ကုလားရှင်ရွာအရှေ့ဘက်၌ မိုင်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သည်။ သို့သော် ကားပေါ်၌ ပြည်သူများ ပါဝင်နေသည်ကို တွေ့ရှိရသဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ပြည်သူများ ထိခိုက်မှုမရှိစေရန် ကား နှစ် စီး ကြားတွင်သာ ခြောက်လှန့် ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်အုပ်စုသည် အင်အားနှင့် ခဲယမ်းများ ထပ်မံဖြည့်တင်းကာ စစ်ကြောင်းပြန်ထိုးနေသဖြင့် ပြည်သူများအနေဖြင့် စစ်ကြောင်းလှုပ်ရှားသည့် လမ်းကြောင်းတစ်လျှောက် သတိပြုသွားလာကြရန် ဗိဿနိုးပြည်သူ့ကာကွယ် ရေးတပ်မတော်က တိုက်တွန်းထားသည်။
အဆိုပါတိုက်ခိုက်မှုများကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ-ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်