ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်
စစ်ပွဲရပ်တန့်ဖို့အတွက် ဝါရှင်တန်က နောက်ဆုံးကမ်းလှမ်းထားတဲ့ အဆိုပြုချက်အပေါ် အီရန်က အကြောင်းပြန်ကြားချက်ဟာ သောကြာနေ့မှာ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။
အီရန်က အဆင့်မြင့်အရာရှိတစ်ဦးကတော့ အမေရိကန်က သတ်မှတ်ထားတဲ့ အဲဒီအချိန်ကာလ အပေါ် ဘာမှ ဂရုစိုက်ပုံမရဘူးလို့ သိရပါတယ်။ တစ်ဖက်မှာတော့ အမေရိကန်စစ်တပ်နဲ့ အီရန်ရေတပ်တို့ဟာ ဟော်မုဇ် ရေလက်ကြားတစ်ဝိုက်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်နေကြပါတယ်။
“အီရန်ဘက်က အကြောင်းပြန်ကြားချက်ဟာ ဒီနေ့ ထွက်လာဖို့ မျှော်လင့်ရပါတယ်။ သူတို့ရဲ့ အ ကြောင်းပြန်ကြားချက်မှာ ဘာတွေပါမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ရဲ့ မျှော်လင့် ချက်ကတော့ ဒီအကြောင်းပြန်ကြားချက်ဟာ နှစ်ဖက်စလုံးကို လေးနက်တဲ့ ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ခေါ် ဆောင်သွားနိုင်မယ့် အရာမျိုး ဖြစ်ဖို့ပါပဲ” လို့ ၎င်းက သောကြာနေ့က အီတလီနိုင်ငံမှာပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်ရဲ့ အဆိုပြုချက်ကို သေချာစိစစ်နေပြီး နောက်ဆုံးရလဒ်ကို အသေအချာ ထုတ်ပြန် သွားမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ်ဘာဂေးလ်က သောကြာ နေ့မှာ ပြောပါတယ်။
“ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ် လုပ်နေတာပါ။ အချိန်သတ်မှတ်ချက်တွေ ဒါမှမဟုတ် ရာဇသံ တွေကို ကျွန်တော်တို့ ဂရုမစိုက်ဘူး” လို့ ၎င်းက နိုင်ငံပိုင်ရုပ်သံဌာနကို ပြောပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ်က အိုမန်ပင်လယ်ကွေ့ထဲက အီရန်ဆိပ်ကမ်းတစ်ခုကို ဝင်ဖို့ကြိုးစား တဲ့ အီရန်အလံစိုက်ထားတဲ့ ဆီတင်သင်္ဘောအလွတ် နှစ်စင်းကို ပိတ်ဆို့လိုက်ပါတယ်။
အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်မှ ပျံတက်လာတဲ့ F/A-18 တိုက် လေယာဉ်က အဲဒီသင်္ဘော နှစ်စီးရဲ့ မီးခိုးခေါင်းတိုင်တွေကို ပစ်ခတ်လိုက်လို့ သင်္ဘောတွေဟာ ဆက်သွားလို့မရတော့ဘဲ ရပ်တန့်သွား ခဲ့တယ်လို့ သိရပါတယ်။ဟော်မုဇ်ရေလက်ကြားအနီးမှာ အမေရိကန်စစ်တပ်နဲ့ အကန့်အသတ်ရှိတဲ့ ထိတွေ့တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ အီရန်က ပြောပါတယ်။
အီရန်ဆီတင်သင်္ဘောတွေအပေါ် အမေရိကန် အကြမ်းဖက်သမားတွေရဲ့ ရန်လိုတဲ့လုပ်ရပ်ကို အီရန်ရေတပ်က ပြန်လည်တုံ့ပြန်ခဲ့ပြီး လက်ရှိမှာတော့ အခြေအနေတွေဟာ ပြန်လည်တည်ငြိမ်သွားပြီလို့ အီရန်က ဆိုပါတယ်။
ကိုးကား – NHK
Ref; Rubio expects Iran response by Friday; Tehran appears unconcerned with deadline