ဝေးဝေး
ဧရာဝတီတိုင်းမ်
မေ ၁၀ ရက်
မာရီယာ ကာလက်စ်နီကာဗာဟာ ယုံကြည်ချက်ကြောင့် အကျဉ်းထောင်ထဲမှာ ၅ နှစ်ကြာ နေခဲ့ရသူပါ။ ရွှေရောင်ဆံပင်တိုတို၊ တောက်ပတဲ့မျက်လုံး၊ အနီရောင်နှုတ်ခမ်းနီနဲ့ ရွှင်ပြတဲ့အပြုံးတွေဟာ မာရီယာရဲ့ သင်္ကေတတွေ ဖြစ်ပါတယ်။ သူမဟာ ဘယ်လာရုစ်နိုင်ငံက အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်နဲ့ ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။
မာရီယာကို ဘယ်လာရုစ်အာဏာရှင် အလက်ဇန်းဒါး လူကာရှန်ကိုက ၂၀၂၀ ပြည့်နှစ်မှာ ဖမ်းဆီးထောင်ချခဲ့တာပါ။ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ မဲခိုးမှုကြောင့် သက်တော်ရှည်သမ္မတ လူကာရှန်ကိုအား ပြည်သူတွေ ဆန္ဒပြခဲ့ကြရာမှာ မာရီယာက ဦးဆောင်သူတစ်ဦးအနေနဲ့ ပါဝင်ခဲ့လို့ ဖြစ်ပါတယ်။
အလက်ဇန်းဒါး လူကာရှန်ကိုဟာ သူအာဏာစယူတဲ့ ၁၉၉၄ ခုနှစ်ကစလို့ ဘယ်လာရုစ်သမ္မတထိုင်ခုံကို ဖင်မှာကော်နဲ့ကပ်ထားသလို ဖယ်မပေးသူဖြစ်ပါတယ်။ သူ့သားသုံးယောက်လုံးဟာလည်း သူ့လိုပဲ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ ခံနေရပါတယ်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာမှာတော့ အာဏာပိုင်တွေက မာရီယာကို ဖမ်းဆီးလိုက်ပြီး နိုင်ငံအတွင်းက နှင်ထုတ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ သူမကို ယူကရိန်းနိုင်ငံထဲကို အတင်းအကျပ် ပို့ဆောင်ဖို့ ကြိုးစားတဲ့အခါမှာတော့ မာရီယာက ကားပေါ်က ခုန်ဆင်းပြီး သူမရဲ့ ပတ်စ်ပို့စာအုပ်ကို ဆုတ်ဖြဲပစ်ခဲ့ပါတယ်။ ပတ်စ်ပို့မရှိရင် တခြားနိုင်ငံကို နှင်ထုတ်လို့ မရနိုင်တော့ဘူးဆိုတဲ့ အတွေးနဲ့ပါ။
“အခုပြန်တွေးကြည့်ရင်တော့ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းလိုပါပဲ” လို့ မာရီယာက ပြန်ပြောပြတယ်။
“စိတ်လိုက်မာန်ပါ လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဲဒီမတိုင်ခင် အဝေးကြီးကတည်းက နိုင်ငံရေး သမားတစ်ယောက်ဟာ သူ့ပြည်သူတွေရဲ့ ကံကြမ္မာနဲ့ တစ်သားတည်းရှိရမယ်ဆိုတာကို ဆုံးဖြတ်ထားပြီးသားပါ”
ပတ်စ်ပို့စာအုပ်ကို ဆုတ်ဖြဲပြီးနောက်မှာတော့ မာရီယာဟာ မြို့တော် မင့်စ်ဆီကို ပြန်ပြေးလာတော့တာပါပဲ။
မြို့တော်မင့်စ်မှာ သူမကို စောင့်ကြိုနေတာကတော့ ထောင်ဒဏ် ၁၁ နှစ် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မာရီယာကို တရားရုံးကနေ အကျဉ်းရုံးစစ်ဆေးပြီး ထောင်ဒဏ်နှစ်ရှည် ချခဲ့တာပါ။
ထောင်ထဲမှာ နေခဲ့ရတဲ့ ၅ နှစ်အတွင်း တစ်ယောက်တည်း တိုက်ပိတ်ခံရတာ၊ မိသားစုနဲ့ တွေ့ခွင့်မရတာ၊ အစားအစာ မလုံလောက်တာနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ သူမရဲ့ ကိုယ်ခန္ဓာအလေးချိန်ဟာ ၉၉ ပေါင်အထိ လျော့ကျခဲ့ပါတယ်။
မာရီယာကို မင့်စ်မြို့မှာ ၁၉၈၂ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ဘယ်လာရုစ်နိုင်ငံ ဂီတအကယ်ဒမီကျောင်းနဲ့ ဂျာမနီနိုင်ငံ စတုဂတ်ဂီတနဲ့ ဖျော်ဖြေရေးအနုပညာတက္ကသိုလ်တွေမှာ တက်ရောက်သင်ကြားခဲ့ပါတယ်။ ဂန္ထဝင်ဂီတကို စနစ်တကျလေ့လာခဲ့ပြီး ပုလွေတူရိယာပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ မာရီယာဟာ ဂျာမန်ဘာသာစကားကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်သူပါ။
တစ်ဦးတည်း တိုက်ပိတ်ခံထားရတဲ့အချိန်မှာ သူမဟာ တစ်ရက်ကို ၂ နာရီကြာအောင် ယောဂကျင့်၊ တရားထိုင်ခဲ့ပါတယ်။ ထောင်စာကြည့်တိုက်က စာအုပ်ပေါင်း ၇၀၀ ခန့်လောက် ဖတ်ခဲ့ပါတယ်။ စာအုပ် ၂ အုပ် ရေးသားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ စာမူတွေ ဘယ်ရောက်သွားသလဲဆိုတာကိုတော့ မာရီယာ သိပုံမရပါဘူး။
၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာတော့ အခြားအကျဉ်းသား ၁၀၀ ကျော်နဲ့အတူ မာရီယာကို ဘယ်လာရုစ်အစိုးရက ပြန်လွှတ်ပေးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဘယ်လာရုစ်ကြားက နှစ်နိုင်ငံစေ့စပ်ဆွေးနွေးမှုရဲ့ ရလဒ်ပါပဲ။ ယူကရိန်းရဲ့ တွန်းအားလည်း ပါဝင်တယ်လို့ စောင့်ကြည့်သူတွေက ဆိုကြပါတယ်။ ယူကရိန်းကအကျဉ်းသားတွေလွှတ်ပေးပြီး အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတွေကိုနည်းနည်းစီဖြေလျှော့ပေးဖို့ပဲ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ထောင်ထဲမှာနိုင်ငံရေးအကျဉ်းသား ၁,၀၀၀ လောက်ကျန်နေခဲ့ပါသေးတယ်။
မာရီယာကတော့ လွတ်မြောက်အောင် ကြိုးပမ်းပေးကြတဲ့ အမေရိကန်သမ္မတ ထရမ့်နဲ့အတူ ယူကရိန်းနိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ထောင်ကလွတ်လာပြီးနောက် သူမဟာ ဥရောပတစ်ခွင်ကို ခရီးနှင်ခဲ့ပါတယ်။ အံ့ဩစရာကောင်းတာကတော့ အခုအခါမှာ မာရီယာဟာ ဥရောပနိုင်ငံတွေအနေနဲ့ ဘယ်လာရုစ်ကို ဖယ်ကျဉ်မထားသင့်ဘူးလို့ စည်းရုံးပြောဆိုနေတာပဲ ဖြစ်ပါတယ်။
”ဥရောပနိုင်ငံတွေက ပစ်ပယ်လေ၊ ဘယ်လာရုစ်က ရုရှားရဲ့ရင်ခွင်ထဲကို တိုးဝင်လေ ဖြစ်မယ်” လို့ သူမက Financial Times သတင်းစာကြီးကို ဘာလင်မှာ ပြောပါတယ်။ ဘယ်လာရုစ်အာဏာရှင် လူကာရှန်ကိုက ရုရှားအာဏာရှင် ဗလာဒီမာ ပူတင်ကို ”အစ်ကိုကြီး” လို့ ခေါ်တာကို အများက သိပြီးဖြစ်ပါတယ်။
တရုတ်-ရုရှား-ဘယ်လာရုစ်-မြောက်ကိုရီးယား-အီရန် တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်နေကြသူတွေက အန္တရာယ်အသိုင်းအဝိုင်းလို့ သတ်မှတ်ထားကြတာပါ။
ဘယ်လာရုစ်နိုင်ငံပြင်ပ ရောက်နေကြတဲ့ အတိုက်အခံတွေနဲ့ ပြည်သူအများအပြားကတော့ မာရီယာရဲ့ အယူအဆကို လက်မခံနိုင်ကြပါဘူး။ ဒါဟာ လက်တွေ့မှာ ရလဒ်ကောင်း မရနိုင်တဲ့ ဗျူဟာတစ်ခုလို့ သုံးသပ်ကြပါတယ်။
မာရီယာကို စတော့ဟုမ်းရောဂါ (Stockholm Syndrome) ရနေတယ်လို့ ဝေဖန်နေသူတွေလည်း ရှိပါတယ်။
စတော့ဟုမ်းရောဂါဆိုတာကတော့ ၁၉၇၃ ခုနှစ်တုန်းက ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့က ဘဏ်တစ်ခုကို ဓားပြတိုက်ခဲ့သူတွေနဲ့ ဓားစားခံတွေကြားက ဆက်ဆံရေးဖြစ်ရပ်ကနေ ပေါ်ပေါက်လာတာပါ။ အဖမ်းခံထားရတဲ့ ဓားစားခံတွေက ဖမ်းဆီးထားသူတွေကို တဖြည်းဖြည်းနဲ့ အကောင်းမြင်လာပြီး ပူးပေါင်းကူညီတွေလုပ်လာကြတာဖြစ်ပါတယ်။
ရုရှားလက်က လွတ်အောင် ဥရောပနိုင်ငံတွေက ဘယ်လာရုစ်ကို ပစ်မထားဖို့ဆိုတာဟာ နိုင်ငံရေးနည်းဗျူဟာလား၊ စတော့ဟုမ်းရောဂါလား ဆိုတာကတော့ မာရီယာ ကာလက်စ်နီကာဗာ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
(The Financial Times ၏ “Europe Risks Driving Belarus Closer to Russia, Says Freed Opposition Leader” နှင့် YouTube ဗီဒီယိုဖိုင်များကို အခြေခံပြီး ရေးသားပါသည်။)
#နိုင်ငံတကာခေတ်ပြိုင်ရုပ်ပုံလွှာများ #ဘယ်လာရုစ်ကအကျဉ်းစံဂီတပညာရှင် #အက်ဆေး #AyeyarwaddyTimes
မှတ်ချက်။ ။ “ကမ္ဘာတစ်လွှားက လူသားတို့၏ ထူးခြားသော ဘဝပုံရိပ်များ”
ဧရာဝတီတိုင်းမ် ပရိသတ်များအတွက် (၂) ပတ်လျှင် တစ်ကြိမ်၊ တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမည့် “နိုင်ငံတကာ ခေတ်ပြိုင်ရုပ်ပုံလွှာများ” အစီအစဉ်သစ် ဖြစ်ပါသည်။
ဤကဏ္ဍတွင် ထင်ရှားကျော်ကြားသူများအကြောင်းထက် ကမ္ဘာ့အနှံ့အပြား၌ ထူးခြားသော ဖြတ် သန်းမှု၊ ရုန်းကန်မှုများနှင့်အတူ ဘဝကို အဓိပ္ပာယ်ရှိရှိ ပုံဖော်နေကြသည့် လူသားတစ်ဦးချင်းစီ၏ ပရိုဖိုင်များကို ရသအက်ဆေးပုံစံဖြင့် တင်ဆက်သွားမည် ဖြစ်ပါသည်။