ဖမ်းဆီးခံလိုက်ရတဲ့Elite ကားယာဉ်ဝန်ထမ်းတွေပြန်လွတ်လာပြီး စစ်ကောင်စီက စစ်ကြော​ရေးခေါ်သွား၊ ကားဖမ်းခံရပြီးနောက်စစ်ကိုင်းတိုင်းအတွင်းပြေးဆွဲမှုရပ် ဆိုင်း

ဟိန်းစံ/ဧရာ၀တီတိုင်းမ်

စက်တင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊မန္တလေး-မုံရွာကားလမ်း ဂွေးပင်တောရွာအနီးမှာ ဩဂုတ်လ ၁၂ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ Elite Express ကားမှ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေပြန်လည်လွတ်မြောက်လာတယ်လို့ Elite ကားလိုင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက် ၁၀ ရက်ကျော်အကြာ ဩဂုတ်လနောက်ဆုံးပတ်အတွင်းက ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး ရန်ကုန်ကိုပြန်လည် ရောက်ရှိလာတဲ့အချိန်မှာ စစ်ကောင်စီတပ်က ခေါ်ဆောင်ပြီးစစ်ကြောတာ တွေလုပ်ခဲ့တယ်လို့သိရပါတယ်။

“ ၂ ပတ်လောက်ရှိပြီပြန်လွတ်လာတာ။ ရန်ကုန်ပြန်ရောက်ရောက်ခြင်းကားဝန်ထမ်းတွေကို စရဖကလာခေါ်သွားတယ်လို့သိရတယ်။ ခုပြန်လွှတ်ပြီလားမလွှတ်လားတော့မသိဘူး။ လူတွေချည်းဘဲလွတ်လာတာ ကားကတော့ပြန်မရဘူး” လို့ Elite ကားလိုင်းနဲ့နီးစပ်သူ ရန်ကုန် မြို့ခံတဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက် Elite ယာဥ်လိုင်းဟာ စစ်ကိုင်း တိုင်းအတွင်းက မုံရွာမြို့နဲ့ရွှေဘိုမြို့ကို ကားလိုင်းမပြေးဆွဲတော့ဘဲရပ်နားထားတယ်လို့သိရပါတယ်။

“ ရွှေဘိုနဲ့မုံရွာက အဲ့ကားဖမ်းခံထားရပြီးထဲက ဂိတ်ပိတ်လိုက်တော့တာ။ ကားမဆွဲရဲတော့ဘူး။ ဒီလိုင်းတွေက နဂို ထဲက ဦးရွှေမန်းတပည့်တွေကို ထည့်ထားတာများတော့ ရုံးမန်နေဂျာတွေ၊ ဂိတ်မှူးတွေက တပ်ထွက် လူတွေများတယ်။ ကင်းပုန်ဝပ်တဲ့နေရာလေး လမ်းကြုံတင်သွားလိုက်ပါတို့ဘာတို့ အဲ့တပ်ထွက်လူတွေက ကားတွေကို ခိုင်းမှာပေါ့။ ခုတော့

စစ်ကိုင်းထဲကလိုင်းတွေကိုလုံး၀နားသွားပြီမဆွဲရဲတော့ဘူး” လို့ သူက ဆက်လက်ပြောပါတယ် ။

အဲ့ဒီ Elite ကားလိုင်းဟာ မန္တလေး-မုံရွာလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းပုန်းဝပ်ဖို့ ကြို/ပို့ ကို ၆ ကြိမ် ထက်မနည်းလုပ်ဆောင်ပြီး စစ်ကောင်စီကိုထောက်ပံ့တာတွေတွေ့ရှိလို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ခရီးသည်တွေနဲ့ယာဉ်ဝန်ထမ်းတွေကို ပြန်လည်လွှတ်ပေးခဲ့တာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ကားဟာ SCANIA အမျိုးအစားကားဖြစ်ပြီး အဲ့ဒီကားတွေဟာ ကားစက်နှိုးတာနဲ့ အလို အလျောက်တည်နေရာပြတဲ့ GPS စနစ်တွေပါဝင်တယ်လို့ SCANIA ကားမောင်းနှင်ခဲ့ဖူးတဲ့ Express ယာဉ််မောင်း တွေဆီကသိရပါတယ်။

Elite Express ဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါ တီ(UBP) ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ သားအကြီး ဦးအောင်သက်မန်းပိုင်ဆိုင်တဲ့ ဧရာရွှေဝါလုပ် ငန်းစုပိုင် အဝေးပြေးယာဉ်လိုင်းလုပ်ငန်းခွဲတခုလည်းဖြစ် ပါတယ်။

#AyeyarwaddyTimes