ဧရာဝတိတိုင်းမ်
မေ ၉ ရက်

မြန်မာ့မီဒီယာများတွင် အမျိုးသမီးပါဝင်မှုနှုန်း မြင့်တက်လာသော်လည်း သတင်းလွတ်လပ်ခွင့်နှင့် ဘေးကင်းလုံခြုံရေးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ (MWJS) မှ ထုတ်ပြန်သည့် ၂၀၂၅ခုနှစ် GMMP ၏ Myanmar National Report အရ သိရသည်။

ကမ္ဘာလုံးဆိုင်ရာ မီဒီယာစောင့်ကြည့်ရေးအစီအစဉ် (Global Media Monitoring Project – GMMP) ၏ ၂၀၂၅ ခုနှစ် Myanmar National Report အရ မြန်မာ့သတင်းမီဒီယာများတွင် အမျိုးသမီးများကို သတင်းရင်းမြစ်အဖြစ် အသုံးပြုမှုမှာ သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။

“မြန်မာသတင်းမီဒီယာတွေက ဒီသတင်းတွေ ဖော်ပြတဲ့နေရာမှာ အမျိုးသမီးပါဝင်မှုနှုန်းက အရင် ၂၀၁၇၊ ၂၀၂၀ က ကောက်ယူခဲ့တဲ့ အချက်အလက် တွေထက် အခု ၂၀၂၅ မှာ ကောက်ယူခဲ့တဲ့ အချက်အလက် တွေအရ ရာခိုင်နှုန်း ပိုမြင့်လာပေမယ့် သတင်းလွတ်လပ်ခွင့်နဲ့ ဘေးကင်းလုံခြုံရေးမှာ က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာကို တွေ့ရပါတယ်”ဟု မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ (MWJS)မှ အလုပ်အမှုဆောင်အဖွဲ့ဝင် မမေရည်ငြိမ်းချမ်း က ပြောသည်။

မြန်မာသတင်းမီဒီယာများတွင် သတင်းများဖော်ပြရာ၌ ပါဝင်သည့် အမျိုးသမီး ရာခိုင်နှုန်းသည်၂၀၁၇ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်း၊၂၀၂၀ ပြည့်နှစ်တွင် ၁၈ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။

“ဒီနှစ်ထူးခြားမှုအနေနဲ့ ခေါင်းဆောင်မှုအနေနဲ့ အမျိုးသမီးပါဝင်မှုကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ပါဝင်တဲ့ အမျိုးသမီးအရေအတွက်က နည်းပါးနေပါတယ်။ လက်ရှိ ဦးဆောင်နေတဲ့အမျိုးသမီးတွေရဲ့ အသံတွေကို မီဒီယာတွေထဲမှာ ဒီထက်ပိုပြီး ဖော်ပြပေးဖို့ရာအတွက် တိုက်တွန်းချင်ပါတယ် “ ဟု MWJS အဖွဲ့ရဲ့ အလုပ်အမူဆောင်အဖွဲ့ဝင် မစိုးစံထိုက်က ပြောသည်။

မီဒီယာအမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် ရုပ်မြင်သံကြားကဏ္ဍ၌ အမျိုးသမီးပါဝင်မှု ၄၄ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်နေပြီး အွန်လိုင်းမီဒီယာတွင် ၂၀ ရာခိုင်နှုန်းရှိသော်လည်း ပုံနှိပ်မီဒီယာများတွင်မူ အမျိုးသမီးများကို သတင်းရင်းမြစ်အဖြစ် အသုံးပြုထားခြင်း မရှိကြောင်း သိရသည်။

ပုံနှိပ်နှင့် ရုပ်မြင်သံကြားသတင်းများတွင် အမျိုးသမီးများကို ရာဇဝတ်မှုနှင့် အကြမ်းဖက်မှု ၄၀ ရာခိုင်နှုန်း၊ သိပ္ပံနှင့် ကျန်းမာရေး ကဏ္ဍတွင် ၃၈ ရာခိုင်နှုန်းနှင့် အွန်လိုင်းမီဒီယာတွင် စီးပွားရေးကဏ္ဍ၌ ၆၇ ရာခိုင်နှုန်းအထိ ပါဝင်နေသည်ကို တွေ့ရသည်။

အဆိုပါ သုတေသနလုပ်ငန်းစဉ်တွင် မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ (MWJS) က အမျိုးသမီးသတင်းထောက်များနှင့် သုတေသီများ စုပေါင်းကာ မြန်မာနိုင်ငံ၏ လူကြည့်အများဆုံး မီဒီယာ ၂၀ ခုကို စောင့်ကြည့် အခြေခံပြီး ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြင့်တက်လာသည့်တိုင် မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့်ကမူ အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေသည်။

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံသည် ယခုနှစ်၌ အဆင့် ၁၆၆ တွင် ရပ်တည်နေပြီး အလွန်ဆိုးဝါးသည့်အခြေအနေအဖြစ် အနီရောင်အဆင့် ဆက်လက် သတ်မှတ်ထားကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ထားသည်။

ဧပြီ ၁၆ရက် က လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊မေလအထိ မတရားဖမ်းဆီးခံခဲ့ရသူ သတင်းမီဒီယာသမား (၂၀၀) ကျော်ရှိခဲ့ပြီး၊ အကျဉ်းထောင် အသီးသီးတွင် သတင်းမီဒီယာသမား (၁၉) ဦးမှာ မတရားသော ဥပဒေများ၊ အကြောင်းပြချက် အမျိုးမျိုးဖြင့် ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်း ခံထားရသူ (၁၉) ဦး ထဲတွင် အမျိုးသား (၁၅) ဦး နှင့် အမျိုးသမီးလေး ဦးပါဝင်ပြီး ၎င်းတို့သည် သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ ပြည်သူလူထုထံသို့ သတင်း အချက်အလက်မှန်များ ရောက်ရှိရန် လုပ်ဆောင်ရင်း ဖမ်းဆီးခံခဲ့ ကြရသူများ ဖြစ်သည်။

ထို့အပြင် ဖမ်းဆီး ထိန်းသိမ်းခံထားရ စဉ် အတွင်း သေဆုံးခဲ့ရသည့် သတင်းသမား ခုနှစ်ဦးအထိ ရှိခဲ့သည်။

GMMP သည် ၁၉၉၅ ခုနှစ်မှစတင်ကာ ငါး နှစ်လျှင် တစ်ကြိမ်၊ နိုင်ငံပေါင်း ၁၀၀ ကျော်၌ ကျားမရေးရာ (Gender) တန်းတူညီမျှ ရေးသားတင်ဆက်မှုများကို စောင့်ကြည့်လေ့လာသည့် ကမ္ဘာ့အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး သုတေသနလုပ်ငန်းစဉ် ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော GMMP တွင် နိုင်ငံပေါင်း ၉၄ နိုင်ငံ ပါဝင်ခဲ့သည်။

ဓာတ်ပုံ-GMMP